မင်းကင်း၊ ပိတ်ခယားရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်မှု ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၄ ဦးသေဆုံးကာ ၅ ဦးပြင်းထန် ဒဏ်ရာရ
ရန်ကုန်၊ မေ ၄
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပိတ်ခယားရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်မှု ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၄ ဦးသေဆုံးပြီး ၅ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူအများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းကင်းမြို့နယ်၊ ပိတ်ခယားရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တိုက်လေယာဥ်ဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၄ ဦးသေဆုံးပြီး ၅ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူ ၄ ဦးမှာ အသက် ၄ နှစ်အရွယ် မောင်သက်နိုင်လင်းနှင့် အသက် ၅၀ အရွယ် ဒေါ်အုန်းစိန်၊ ဒေါ်မြဝင်း၊ ဦးသန်းဆွေတို့ ဖြစ်ကြောင်း သိရသည်။
“တိုက်ပွဲ မရှိဘဲကို ရုတ်တရပ်ကြီး လာကျဲသွားတာ ရွာကိုသုံးပတ်ဝဲပြီး ကျဲသွားတာ ပေါင် ၅၀၀ လောက်ရှိတဲ့ ဗုံး ၃ လုံးနဲ့ချသွားတာ ချတဲ့နေရာတွေက ကျင်းကြီးတွေ ဖြစ်နေတာ ဗုံးချလို့ ကျင်းဖြစ်နေတဲ့နေရာတွေက စာသင်ကျောင်းအနီးတစ်ကျင်း၊ ဘောလုံးကွင်းအနီးမှာ ၂ ကျင်း တွေ့ထားတယ်။ စုစုပေါင်း ၄ ဦး နေရာမှာတင် သေဆုံးတယ်။ အသက် ၅၀ အရွယ် ၃ ဦးက ဒေါ်အုန်းစိန်၊ဒေါ်မြဝင်း၊ ဦးသန်းဆွေ နဲ့ အသက် ၄ နှစ်အရွယ် မောင်သက်နိုင်လင်းလို့ သိရတယ်။ နောက်ပြီး ပြင်းထန် ဒဏ်ရာ ၅ ဦးလောက်ရှိတယ်။ အသေးစား ဒဏ်ရာရသူတွေလည်း အတော်များတယ်။ နွား ၅ ကောင်လည်း သေတယ်။ နွားစာတိုက်တစ်လုံး မီးလောင်သွားတယ်။ အိမ်ခေါင်မိုးသွပ်တွေ လည်း ပျက်စီးသွားတာ တော်တော်များတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။
လက်ရှိချိန်တွင် ကျေးရွာအတွင်းရှိ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး ကျေးရွာရွာအတွင်းသို့ ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။