26 C
Yangon

ရန်ကုန်တိုင်း၊ လှိုင်သာယာတွင် ဆိုင်ကယ်၊ ဆိုင်ကယ်ဘေးတွဲမှန်သမျှကို စစ်တပ်၊ ရဲ၊ လူမိုက်နှင့်ပျူစောထီးများက အကြောင်းမဲ့ ဖမ်းဆီးနေသဖြင့် ပြည်သူများ ဒုက္ခရောက်နေရ၊ ငွေညှစ်၍ ပြန်ရွေးခိုင်း

Must read

ရန်ကုန်တိုင်း၊ လှိုင်သာယာတွင် ဆိုင်ကယ်၊ ဆိုင်ကယ်ဘေးတွဲမှန်သမျှကို စစ်တပ်၊ ရဲ၊ လူမိုက်နှင့်ပျူစောထီးများက အကြောင်းမဲ့ ဖမ်းဆီးနေသဖြင့် ပြည်သူများ ဒုက္ခရောက်နေရ၊ ငွေညှစ်၍ ပြန်ရွေးခိုင်း

ရန်ကုန်၊ မေ ၅

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ်၊ ဆိုင်ကယ်ဘေးတွဲ(ဆိုက်ဘေးတွဲ) မှန်သမျှကို ယနေ့တွင် စစ်တပ်၊ ရဲ၊ လူမိုက်နှင့်ပျူစောထီးများက အကြောင်းမဲ့ ဖမ်းဆီးနေသဖြင့် ပြည်သူများ ဒုက္ခရောက်နေကြကြောင်း သိရှိရသည်။

အလုပ်သမားလူတန်းစား သန်းချီရှိနေသော လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ်နှင့် ဆိုင်ကယ်ဘေးတွဲများကိုသာ ပြည်သူများက အဓိကထား အသုံးပြုသွားလာနေရပြီး စက်မှုဇုန်များနှင့် လမ်းမများအားလုံးအထိ လိုင်းကားမရောက် ကြောင်း၊ ထိုသို့ သော အခြေအနေတွင် အကြမ်းဖက်စစ်ကောင်စီက လုံခြုုံရေးအကြောင်းပြပြီး ဆိုင်ကယ်၊ ဆိုင်ကယ်ဘေးတွဲများကို ယနေ့ နံနက်ပိုင်းတွင် အကြီးအကျယ် ဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။

“အဓိကက လှိုင်သာယာမှာ အသားကုန် ဆိုင်ကယ်ဖမ်းနေတာပေါ့နော်။ ဖမ်းနေတာက စစ်တပ်တို့ ရဲတို့ကနေ မဟုတ်ဘဲနဲ့ လူမိုက်တွေနဲ့ လူမိုက်တွေနဲ့ ဖမ်းနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ နေရာအနှံ့မှာ ဖမ်းနေတာ။ အဲဒီအတွက် အဓိက ဒုက္ခရောက်တာက အခြေခံပြည်သူတွေပေါ့နော်။ အခြေခံလက်လုပ်လက်စားသမားတွေ စက်ရုံသမားတွေ ဒီ သွားတဲ့အခါမှာ အလုပ်သွားအလုပ်ပြန် အဲဒီဟာမှာ ဆိုင်ကယ်တင်မဟုတ်ဘဲနဲ့ ဘေးတွဲတွေပါ အသားကုန်ဖမ်းနေတဲ့အတွက် သွားရေးလာရေးခက်ခဲတယ်ပေါ့နော်။ လှိုင်သာယာမှာ လှိုင်သာယာရဲ့ လူဦးရေက ၁ သန်းနီးပါးရှိတယ်။ အဲဒီမှာ အကျယ်အဝန်းကလည်း အရမ်းကျယ်တယ်။ အဲဒီအခါမှာ ဘတ်စ်ကားဆိုတာကလည်း အဆင်မပြေဘူး ။ ဒီဆိုင်ကယ်ကယ်ရီတွေ ၊ ဆိုင်ကယ်တွေ၊ ဘေးတွဲတွေပဲ သုံးပြီးတော့ သွားနေတာပေါ့နော်။ အခုဟာက လူမိုက်တွေနဲ့ပါ ဖမ်းနေတယ်။ ဖမ်းတဲ့အခါမှာ ဘာဖြစ်လဲဆိုလို့ရင် ဖမ်းခံရလို့ရှိရင် အဖမ်းခံရရုံတင်မဟုတ်ဘဲနဲ့ အရိုက်ခံရတာပါရှိတယ်။ ဘေးတွဲသမားတွေ ဆိုလို့ရှိရင်လည်း ဘေးတွဲဖြစ်တဲ့အတွက် စားဝတ်နေရေးအရမ်းကျပ်တည်းလာတယ်။ ဒီဘေးတွဲလေး တွဲပြီးတော့ ဒီစားဝတ်နေရေးကို ဖြေရှင်းတဲ့အခါမှာလည်း ဒီနေ့ဆို တစ်ခုတွေ့တာဆိုလို့ရှိရင် အရိုက်ခံမလား ၊ အဖမ်းခံမလားပေါ့ အဲဒီလိုမျိုး မေးတာပေါ့။ အဖမ်းမခံချင်ရင် အရိုက်ခံ အဲဒီလိုမျိုးနဲ့ လုပ်လာတယ်။ ပြီးတော့ သူတို့က ဘယ်လိုလုပ်လဲဆိုလို့ရှိရင် ၁ သိန်း ၂ သောင်းတောင်းတယ်။ ၆ သောင်းကို လူမိုက်တွေက ယူတယ်။ ပြီးလို့ရှိရင် ကျန်တဲ့ ၆ သောင်းကို စစ်တပ်ကို ပြန်ပေးတယ်ပေါ့နော်။ အဲဒီလိုနည်းနဲ့ ဖမ်းနေကြတာပေါ့နော် အခု။ အခုက တော်တော်လေးကို နေရာအစုံကို လမ်းကြိုလမ်းကြား အိမ်ရှေ့မှာ ရပ်ထားရင်တောင် မကျန်လိုက်ဖမ်းပြီးတော့ သူတို့က အဲဒီလို လုပ်စားနေတာပေါ့နော်” ဟု လှိုင်သာယာမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိ ဆိုင်ကယ်များ၊ ဆိုင်ကယ်ဘေးတွဲများကို ဖမ်းဆီးပြီးနောက် လှိုင်သာယာမြို့တော်ခန်းမရှေ့ မြေကွက်လပ်တွင် ထိန်းသိမ်းထားပြီး မြေကွက်လပ် အပြည့် ဖမ်းဆီးထားသမျှ ဆိုင်ကယ်များနှင့် ပြည့်နှက်နေကြောင်း သိရှိရသည်။

“အဖမ်းခံရပြီးရင် ဆိုင်ကယ်တွေကို ရပ်ကွက်ဥက္ကဌတွေဆီမှာ သွားရွေးရတာ။ တချို့ဆိုင်ကယ်တွေက ပြန်ရွေးတဲ့အခါမှာလည်း လူမိုက်တွေဆီမှာ သွားပြန်ရွေးရတယ်။ အကန့်အသတ်နဲ့ ပြန်ရွေးရတယ်။ တကယ်လို့ အရွေးမခံလို့ရှိရင်လည်း ဆိုင်ကယ်က ဆုံးမှာပေါ့။ အခု လှိုင်သာယာ မြို့တော်ခန်းမရှေ့မှာဆိုလို့ရှိရင်လည်း ဒီကွက်လပ် ဉယျာဉ်အကျယ်ကြီးထဲမှာ ဖမ်းဆီးထားတဲ့ ဆိုင်ကယ်တွေနဲ့ ပြည့်နေပြီပေါ့နော်။ လှိုင်သာယာလို နေရာမျိုးက ဆိုင်ကယ်တို့ ဘေးတွဲတို့မှ မသုံးရလို့ရှိရင် လုံးဝကို အဆင်မပြေတဲ့နေရာဆိုတော့ ဒီ အခြေခံပြည်သူတွေနဲ့ အတော်ကြီးကို ဒုက္ခရောက်နေတဲ့ အခြေအနေနဲ့ ကြုံနေတာ” ဟု လှိုင်သာယာမြို့နယ်မှ ပြည်သူက ဆက်လက်ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန် အပါအဝင် တစ်နိုင်ငံလုံးရှိ မြို့ကြီးများတွင် ဆိုင်ကယ်၊ ဆိုင်ကယ်ဘေးတွဲများကို စီမံချက်ဖြင့် ဖမ်းဆီးအရေးယူမှုများ၊ စီးနင်းရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များကို လုံခြုံရေး အကြောင်းပြ၍ တင်းကျပ် လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- လှိုင်သာယာမြို့နယ်တွင်တွေ့ရသည့် ဆိုင်ကယ်ဘေးတွဲတစ်စီး။

- Advertisement -spot_img

More articles

1 COMMENT

  1. လပြည့်နေ့ မနက် ၆ နာရီ ခွဲ ကတည်းက စဖမ်းတာ၊ ၅ ရက် နေ့ အပါအဝင် သုံးရက် ဆက်တိုက်ပါ။

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article