ခင်ဦးမြို့နယ်ရှိ ကဘွက်ရွာနှင့် ကုတ်တက်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ဒေသ ပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရ
ရန်ကုန်၊ မေ ၇
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကဘွက်ရွာနှင့် ကုတ်တက်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၇ ရက်နေ့ နံနက်အစောပိုင်းတွင် ဧရာဝတီမြစ်အရှေ့ဘက်မှ အနောက်ဘက်သို့ မြစ်ကူး၍ ခင်ဦးနယ်သို့ ဝင်ရောက်လာသည့် အင်အား ၂၀၀ ပါ အကြမ်းဖက် စစ်တပ် ခြေလျင် စစ်ကြောင်းသည် နံနက် ၁၀ နာရီခန့်တွင် ကဘွက်ရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ခဲ့ကြောင်း၊ ထို့ပြင် ညနေပိုင်းတွင် ကုတ်တက်ရွာကို စစ်တပ် စစ်ကြောင်းက လက်နက်ကြီးငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ပြီး နေအိမ်များကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း စီးနင်းမှုကြောင့် ကဘွက်ရွာနှင့် ကုတ်တက်ရွာ အပါအဝင် အနီးနားရှိ ကျေးရွာများမှ ဒေသ ပြည်သူ ၃၀၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ခုခံ တိုက်ခိုက်ရင်း ဒေသ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကာ ၁ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မေလ ၆ ရက်နေ့၌ မန္တလေးမှ ဆင်းလာသော စစ်ကြောင်းဖြစ်ပြီး စဥ့်ကူးမြို့နယ်အတွင်းရှိ ၊နွယ်ရုံကျေးရွာ၊ကျည်တောက်ပေါက်ကျေးရွာ၊ ချောင်းသလဲကျေးရွာ၊ ရွှေကျင်ကျေးရွာ၊အင်းဇောက်ကြီးကျေးရွာများသို့ ဝင်ရောက်စီးနင်းပြီး ရွှေကျင်ကျေးရွာနှင့် အင်းဇောက်ကြီးကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မြစ်ကြောင်းထဲသို့ ဆင်းလာသည့် စစ်ကြောင်း ၁ ကြောင်း၊ ရေမြက်ကျေးရွာနှင့် မင်းမရုံကျေးရွာဘက်မှ တက်လာသည့် စစ်ကြောင်း ၁ ကြောင်း၊ ကျောက်မြောင်းနှင့် လေမသိန်းခဘက်မှ တက်လာသည့် စစ်ကြောင်း(၁)ကြောင်း၊ စုစုပေါင်း စစ်ကြောင်း ၃ ကြောင်း ပေါင်းကာ ခင်ဦးမြို့နယ်တွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခုလက်ရှိ စစ်ကြောင်းကတော့ ကုတ်တက်ရွာထဲမှာပါ။ တိုက်ပွဲက အကြီးအကျယ် ဖြစ်တာတော့ မဟုတ်ပါဘူး။ အခုလည်း မီးရှို့နေကြတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။