ရေဖြူမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီးနောက် ပြည်သူ ၃၀ နီးပါးကို ဖမ်းဆီးသွား၊ ဘုတ်ပြင်းတွင် PDF ထောက်ပံ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဆီဆိုင်လုပ်ငန်းရှင်တစ်ဦး၏ ပိုင်ဆိုင်မှုများကို စစ်တပ်က ချိတ်ပိတ်
ရန်ကုန်၊ မေ ၉
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီးနောက် ပြည်သူ ၃၀ နီးပါးကို ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရှိရသည်။
မေလ ၈ ရက်နေ့ နံနက်ပိုင်း တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေး ရွာအုပ်စု၊ ဝက်ချောင်းကျေးရွာကို စစ်ကောင်စီတပ်သားများက စတင်ဝင်ရောက် လာပြီး ဒေသ ပြည်သူ ၂ဝ ခန့်ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် လမ်း တစ်ဆက်တည်းဖြစ်သည့် ခမောင်းချောင်းကျေးရွာကိုထပ်မံဝင်ရောက်ပြီး ရွာခံ ၁၀ ဦးခန့်ထပ်မံ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
“ဖမ်းခံထားရတဲ့သူတွေထဲမှာ အမျိုးသမီးအများဆုံးပါတယ်ကြားတယ်။ ဘယ် လောက်ဖမ်းခံထားရလဲဆိုတာတော့ အခုမသိသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက သိရှိရသည်။
ပြည်သူ ၃၀ နီးပါးကို ဖမ်းဆီးခဲ့သော စစ်ကောင်စီစစ်ကြောင်းသည် မေလ ၇ ရက် နေ့ ည ၈ နာရီအချိန် ဝက်ချောင်းကျေးရွာသို့ ခြေလျှင် ဝင်ရောက်ခဲ့ပြီး မေလ ၈ ရက်နေ့ နံနက် ၄ နာရီတွင် ပြည်သူများကို စတင်ဖမ်းဆီးခြင်းဖြစ် ကြောင်း၊ လက်ရှိတွင် ဖမ်းဆီးထားသော ပြည်သူ ၃၀ ဝန်းကျင်နှင့်အတူ စစ် အင်အား ၅၀ ခန့်ရှိသော စစ်ကြောင်းက ခမောင်းချောင်းရွာ စာသင်ကျောင်းတွင် ယာယီရှိနေကြောင်း သိရှိရသည်။
အလားတူ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှ စက်သုံးဆီပိုင်ရှင် ဦးအောင်ဇော်ဦး၏ ဆီဆိုင်နှင့် နေအိမ်၊ လက်ဖက်ရည်ဆိုင်ကို စစ်တပ်က မေလ ၆ ရက်နေ့တွင် ချိတ်ပိတ်လိုက်ကြောင်း သိရှိရသည်။
ကမာချောင်းကျေးရွာမှ ဦးအောင်ဇော်ဦးကို PDF ထောက်ပံ့နေသည်ဆိုသော စွပ်စွဲချက်ဖြင့် ဧပြီလ ၄ ရက်နေ့တွင် စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ဖြင့် ဘုတ်ပြင်းမြို့မ ရဲစခန်းတွင် အမှုဖွင့် တရားစွဲထားကြောင်း ၊ ဦးအောင်ဇော်ဦးကို ဖမ်းဆီးပြီး ၁ လကျော်အကြာတွင် ပိုင်ဆိုင်မှု ပစ္စည်းများကို ချိတ်ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဘုတ်ပြင်းမြို့က ဌာနဆိုင်ရာရဲ၊ စခတွေက တော်လှန်ရေးနဲ့ပတ်သက်ပြီး မသင်္ကာစရာသတင်းတစ်ခုရရင် ငွေရှိတဲ့ လုပ်ငန်းရှင်တွေကို ဖမ်းလိုက်တယ်။ ပြည်သူလုပ်ငန်းရှင်တွေမှာက ဘုမသိ၊ ဘမသိ ခံနေရတာ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဧပြီလ ၄ ရက်နေ့တွင် ဦးအောင်ဇော်ဦးအပါအဝင် မြို့ခံ ၄ ဦးကို ဖမ်းဆီးခဲ့ပြီး ၆ ရက်အကြာတွင် ၃ ဦးပြန်လွှတ်ပေးခဲ့ကာ ဦးအောင်ဇော်ဦး ဆက်လက် ဖမ်းဆီးထားပြီး ပိုင်ဆိုင်မှုများ ချိတ်ပိတ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက “ကျန်တဲ့သူတွေကို စခ၊ ရခက ငွေယူပြီး ပြန်လွှတ်ပေးပေမယ့် ဦးအောင်ဇော်ဦးကို ချန်လှပ်ထားတာဟာ တချက်ခုတ်၊ နှစ်ချက်ပြတ်ပဲ။ တခြားလုပ်ငန်းရှင်တွေကို PDF နဲ့ ပတ်သက်လာရင် ဒီလိုလုပ်ဆိုတာ နမူနာပြလိုက်တာပဲ”ဟု ပြောသည်။
(တနင်္သာရီတိုင်းမ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)