ကလေးမြို့တွင် စစ်တပ်တပ်စွဲနေရာနှင့် တစ်မိုင်ပတ်လည် မနေကြရန် တော် လှန်ရေးတပ်ဖွဲ့က သတိပေးချက်ထုတ်ပြန်ပြီးနောက် ပြည်သူများ ရွှေ့ပြောင်း
ရန်ကုန်၊ မေ ၁၀
ကလေးမြို့အနောက်ပိုင်း ချင်းပြည်နယ်စပ် ကလေးတက္ကသိုလ်နှင့် ခိုင်ကမ်းရဲစခန်းအနီးဝန်းကျင်က ပြည်သူထောင်ချီပြီး ဒီကနေ့ မေလ ၁၀ ရက်နေ့ မနက်ပိုင်းမှာ သူတို့နေထိုင်ရာတွေကနေပြောင်းရွေ့ကြတယ်လို့ ကလေးမြို့ခံတွေဆီကသိရပါတယ်။
ချင်းတော်လှန်ရေးတပ်ဖွဲ့ CDF CDM SIYIN အဖွဲ့က စစ်ကောင်စီတပ်စွဲထားတဲ့ ကလေးတက္ကသိုလ်နှင့်ခိုင်ကမ်းရဲစခန်းတမိုင်ပတ်လည်က ပြည်သူတွေကို မေလ ၁၀ ရက်နေ့ မနက် ၁၀ နာရီနောက်ဆုံးထားပြီး နေရာရွေ့ပြောင်းကြဖို့ မေလ ၉ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါထုတ်ပြန်ချက်ကြောင့် ဒေသခံပြည်သူတထောင်ဝန်းကျင်ဟာ ကလေးမြို့ထဲနဲ့ နီးစပ်ရာနေရာတွေကိုရွေ့ပြောင်းကြတာဖြစ်တယ်လို့ မြို့ခံတဦးကပြောပါတယ်။
” အမှန်အတိုင်းပြောရရင် ချင်းပြည်မှာ စစ်သားသိပ်မရှိတော့ဘူး။ အရင်ကဆို ရိဒ်ခေါ်ဒါ( အိန္ဒိယ ချင်းပြည်နယ်စပ်) ကနေ ကလေးကိုလာရင် စစ်ကောင်စီဂိတ်တွေအများကြီး။ အခုတဂိတ်မှမရှိတော့ဘူး။ တော်လှန်ရေးအဖွဲ့တွေက ကလေးထိဆင်းတိုက်တော့မယ့်သဘောဖြစ်နေတယ်” လို့ ဒေသခံတဦးကပြောပါတယ်။
ချင်းတော်လှန်ရေးတပ်ဖွဲ့ CDF CDM SIYIN ရဲ့ထုတ်ပြန်ချက်ထဲမှာ ထုတ်ပြန်ချက်အတိုင်း မပြောင်းရွေ့တဲ့ပြည်သူတွေတစုံတရာထိခိုက်မူရှိရင်တာဝန်ယူမှာမဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြောင်းရွေ့တဲ့ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးပစ်မယ်လို့ စစ်ကောင်စီဘက်ကလည်း ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီရဲ့ခြိမ်းခြောက်မူတွေရှိနေပေမယ့် စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခဲ့ရင် ပြည်သူတွေကို လူသားဒိုင်းလိုအသုံးချတာမျိုးလုပ်လေ့ရှိတဲ့အတွက် ဒေသခံတွေက ပြောင်းရွေ့ကြတယ်လို့ဆိုပါတယ်။
ခုရက်ပိုင်းအတွင်းကလေးမြို့ဝန်းကျင်မှာ စစ်ကောင်စီဟာ စစ်ကြောင်းတွေထွက်လှုပ်ရှားနေပြီး စစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြားစစ်ရေးတင်းမာနေတယ်လို့သိရပါတယ်။ ကလေးမြို့တောင်ပိုင်းကားလမ်းတွေကို ပိတ်ထားသလို သံဆူးကြိုးအပါအဝင် ဆောက်လုပ်ရေးပစ္စည်းသယ်ယူခွင့်ကိုလည်း တော်လှန်ရေးအဖွဲ့တွေကတားမြစ်ထားပါတယ်။ ဒီလိုတားမြစ်တာဟာ စစ်ကောင်စီက မြို့နယ်တွင်းမှာ အခြေခံစခန်းတွေခိုင်မာအောင်ဆောက်လုပ်ဖို့ကြိုးစားလာတာကြောင့်ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တဦးကဆိုပါတယ်။
ချင်းပြည်နယ်မှာ စစ်ရေးအခြေအနေမလှတဲ့စစ်ကောင်စီဟာ ချင်းပြည်နယ်နဲ့ထိစပ်နေတဲ့ ကလေး- ဂန့်ဂေါ- ထီးလင်းဒေသကို နယ်မြေစိုးမိုးဖို့လေကြောင်းပစ်ခတ်မူတွေစတင်လုပ်ဆောင်လာတယ်လို့ တော်လှန်ရေး အဖွဲ့တွေဆီကသိရပါတယ်။ မေ ၉ ရက်နေ့က ထီးလင်းမြို့နယ်တနေရာကိုလေကြောင်းကနေပစ်ခတ်ခဲ့သလို ကလေးမြို့အနောက်ဘက်လေးအိမ်စုကျေးရွာကိုလည်း ရဟတ်ယာဥ်နဲ့ ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)