မိုးကောင်းမြို့ပေါ်တွင် မိုင်းအကြီးစားပေါက်ကွဲ၊ မန္တလေးတွင် သမဝါယမ ဦးစီးမှူး၏ ကား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ
ရန်ကုန်၊ မေ ၁၀
ကချင်ပြည်နယ်၊ မိုးကောင်းမြို့ပေါ်တွင် ယနေ့ ညပိုင်း မိုင်းအကြီးပေါက်ကွဲကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
မေလ ၁၀ ရက်နေ့ ည ၇နာရီ၁၄မိနစ်အချိန် မိုးကောင်းမြို့ပေါ်တွင် အလွန်ကျယ်လောင်သော မိုင်းပေါက်ကွဲသံကြားရ ကြောင်း၊ မိုင်းပေါက်ကွဲသံကို မိုးကောင်းမြို့ပေါ်ရှိ ပြည်သူများအားလုံး ကြားသိရကြောင်း ပြောဆိုကြသည်။
“မိုးကောင်းမြို့မှာမိုင်းအသံတော်တော်ကျယ်ပါတယ်။ ခုနကလေးတင် ကွဲသွားပါတယ်။ နေရာအသိကျမသိရသေးပေမယ့် စစ်တပ် ၇၄ တပ်ရင်းနဲ့နီးတယ်လို့ထင်ပါတယ်။ ဘူတာနားလား။လဝကရုံးအနားလား။ စစ်တပ် ၇၄ ဂိတ်အပေါက်လား။တစ်ခုခုပဲ” ဟု မိုးကောင်းမြို့ ပြည်သူတစ်ဦးက ပြောသည်။
အလားတူ မေလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်အချိန် မန္တလေးမြို့ အောင်မြေသာစံမြိုနယ်၊ ၈၆ လမ်း၊ ၂၂ လမ်း ထောင့်ရှိ မြို့ နယ် သမဝါယမဦးစီးဌာနရုံးရှေ့ရပ်ထားသည့် ဦးစီးမှူးပိုင်ဆိုင်သော ဆူဇူကီး ပစ်ကပ် အမျိုးအစား အဖြူရောင်ယာဉ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားကြောင်း သိရှိရသည်။
လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့မှုကြောင့် ကားကို ဗုံးထိမှန်ခဲ့ကာ ကားရှေ့မှန် ထိကွဲခြင်း၊ ကားတာယာ ဗုံးစထိမှန်ခြင်း များဖြစ်ပေါ်ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း သိရှိရသည်။