ရန်ကုန်တိုင်းစစ်ကောင်စီရုံးဝင်းထဲသို့ ၄၀ မမ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်
ရန်ကုန်၊ မေ ၁၂
ရန်ကုန်တိုင်းလွှတ်တော်ဝင်းအတွင်းရှိ ရန်ကုန်စစ်ကောင်စီအဖွဲ့ရုံးကို ၄၀ မမ ဗုံးသီးဖြင့် ယနေ့ နံနက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တချို့က ပြောဆိုသည်။
မေလ ၁၂ ရက်နေ့ နံနက် ၄ နာရီခွဲအချိန် ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်း လွှတ်တော်ဝင်းအတွင်းရှိ ရန်ကုန်စစ်ကောင်စီအဖွဲ့ရုံးဝင်းအတွင်းသို့ အနောက်ပိုင်းခရိုင် ပကဖ ၊ တပ်ရင်း ၊ တပ်ခွဲ ၁ နှင့် စမ်းချောင်း ပကဖတို့က ပူးပေါင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း NUG သတင်းဌာန PVTV က သတင်းဖော်ပြသည်။
“ပေါက်ကွဲသံလိုလိုတော့ ကြားမိတယ်ထင်တာပဲ။ မနက်အစောပိုင်းဆိုရင်တော့ ကျနော်တို့လည်း သေချာ သတိမထားမိဘူး။ မိုးနည်းနည်းအေးတော့ အဲဒီအချိန်ကတော့ လမ်းပေါ်မှာ လူပြတ်တယ်” ဟု စမ်းချောင်း၊ အာရှတော်ဝင် အနီးတွင် နေထိုင်သူတစ်ဦးက ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ သတင်းအသေး စိတ် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။