28 C
Yangon

ယင်းမာပင်၊ နဘူးတောရွာသား ၁ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး စစ်တပ်၏ ပစ်ခတ်မှု​ကြောင့် ပြည်သူ ၁၀ ဦးကျော် ဒဏ်ရာရ

Must read

ယင်းမာပင်၊ နဘူးတောရွာသား ၁ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး စစ်တပ်၏ ပစ်ခတ်မှု​ကြောင့် ပြည်သူ ၁၀ ဦးကျော် ဒဏ်ရာရ

ရန်ကုန် ၊ မေ ၁၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ နဘူးတောရွာသား ၁ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး စစ်သားများ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၁၀ ဦးကျော် ထိခိုက် ဒဏ်ရာရရှိခဲ့​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မေလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ခန့်တွင် အကြမ်းဖက် စစ်တပ်က နဘူးတောရွာကို ဝင်ရောက် စီးနင်းပြီး အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ဒေသပြည်သူ ၁၀ ထက်မနည်း ကျည်ထိမှန်ခဲ့ကာ ရွာသား ၁ ဦးကိုလည်း နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

“သူတို့လာကတည်းက လက်နက်ကြီးတွေ တအားပစ်ဝင်လာတာ။ ပြေးရင်းလွှားရင်းနဲ့ကို ကျည်စတွေထိမှန်တာတွေရှိတယ်။ ထိမှန်တာက ၁၀ ထက်မနည်း ရှိတယ်။ တစ်ဦးကတော့ ထွက်ပြေးရင်းနဲ့မိပြီး ညဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တာတွေ လုပ်ခဲ့တယ်။ မနေ့က ညပိုင်းမှ ခွေးတွေက ထွက်သွားတော့ အလောင်းကတော့ ဒီနေ့မေ၁၂ရက်နေ့ မနက်ခင်းပိုင်းမှ တွေ့ရတာ။သေဆုံးသူက ကိုဌေးနိုင်ပါ။ အသက်က ၄၀ကျော် ပတ်ဝန်းကျင်လောက် ရှိမယ်။ အလုပ်အကိုင်ကတော့ လက်သမားအလုပ်လုပ်တာပါ။နောက်ပြီး ရွာထဲက နွား ၃ကောင်လည်း လက်နတ်ကြီးကျည်ထိပြီး သေတာလည်းရှိတယ်။သူတို့လာတော့ PDFနဲ့လည်း တိုက်ပွဲဖြစ်သေးတယ်။ PDFဘက်ကလည်း၂ယောက်ကျဆုံးပြီး တစ်ဦးဒဏ်ရာရတယ်လို့ သိထားတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

နဘူးတောရွာကို ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် အင်အား ၁၀၀ ကျော်နှင့် မုံရွာ-ယာကြီး-ကလေးလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာပြီး စိုးဆီဆိုင်အနီး နဘူတောလမ်းခွဲအတိုင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ‌ပြောကြားသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်သည် နဘူးတောရွာမှ မေလ ၁၁ ရက်နေ့ ည ၆ နာရီကျော်ခန့်တွင် ဘန်ဘွေး ပျူစောထီးရွာသို့ ဝင်ရောက်ညအိပ်ခဲ့ပြီး ယနေ့ မေ ၁၂ ရက်နေ့တွင် ဘန်ဘွေးရွာအုပ်စု ညရေသောက်ကန်တောပြင်ဘက်သို့ ထပ်မံ စစ်ကြောင်းထိုးကာ ဒေသပြည်သူအများအပြားကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် ဓားစာခံများကို ဖမ်းဆီးခဲ့ပြီးနောက် လက်ရှိအချိန်တွင် ကနီမြို့နယ် လည်ရှည်ကျေးရွာဘက်ကိုလည်း စစ်ကြောင်းထိုးနေ၍ ဒေသပြည်သူ ထောင်နှင့် ချီ၍ ‌ထွက်ပြေးပုန်းရှောင်နေကြရကြောင်း ‌ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article