ချောင်းဦး၊ ငါးယှန်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၂၀၀ ကျော်ကို မီးရှို့ ဖျက်ဆီး
ရန်ကုန်၊ မေ ၁၂
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး လမ်းဘေးရှိ ငါးယှန်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ပြီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
မေလ ၁၁ ရက်နေ့ ညပိုင်းတွင် ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ကျေးရွာနေ ပြည်သူ ကိုစံလင်း ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပစ်ခတ်မှု ပြုလုပ်ပြီးနောက် အကြမ်းဖက် စစ်တပ်မှ ကျေးရွာအတွင်း ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးမှုကြောင့် ပြည်သူပိုင် အိမ်ခြေ ၂၀၀ ကျော် မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။
“ညတုန်းက မီးရှို့ခံရတဲ့ ငါးယှန်ရွာ အိမ်ခြေ ၂၀၀ လောက် မီးထဲ ပါသွားတယ်ဗျ။ ငါးယှန်က အိမ်ခြေ ၁၅၀၀ လောက်ရှိပါတယ်။ လက်နက်ကြီးမှန်လို့ ကျားတစ်ယောက်တော့ သေဆုံးသွားပါတယ်။ သေဆုံးသွားတဲ့သူက ပြည်သူပါပဲ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
လက်ရှိအချိန်အထိ ငါးယှန်ရွာရှိ ပြည်သူများမှာ ရွာထဲ ပြန်မဝင်ရဲသေးဘဲ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုကြောင့် ငါးယှန်ရွာအပါအဝင် အနီးအနားကျေးရွာများရှိ ဒေသခံပြည်သူ ၈၀၀၀ ခန့်မှာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီဝင်များသည် ငါးယှန်ရွာမှ ထွက်ခွာသွားပြီး အရှေ့ဘက် ၅ မိုင်အကွာတွင် စခန်းချနေကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။