26 C
Yangon

သရက်ချောင်းတွင် မင်္ဂလာဆောင်ရန် ပြင်ဆင်နေသည့် သတိုးသားလောင်း အမျိုးသား တစ်ဦးကို စစ်တပ်က ပစ်သတ်၊ ပြည်သူ ၅၀ ဦးကို အကြောင်းမဲ့ ဖမ်းဆီးမှု ပြန်မလွတ်သေး

Must read

သရက်ချောင်းတွင် မင်္ဂလာဆောင်ရန် ပြင်ဆင်နေသည့် သတိုးသားလောင်း အမျိုးသား တစ်ဦးကို စစ်တပ်က ပစ်သတ်၊ ပြည်သူ ၅၀ ဦးကို အကြောင်းမဲ့ ဖမ်းဆီးမှု ပြန်မလွတ်သေး

ရန်ကုန်| မေ ၁၂

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ညောင်ဇင်ကျေးရွာတွင် မေလ ၁၀ ရက်နေ့ စစ်တပ်က ကျေးရွာသား ၅၀ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး မင်္ဂလာဆောင်ရန် ပြင်ဆင်နေသည့် သတို့သားလောင်းအမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က သတိုးသားလောင်း ကိုတင်ရှိန်ကို သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာမှ ထားဝယ်သို့ ဖမ်းဆီး ခေါ်ဆောင်ခဲ့ပြီး တစ်ရက်ကြာ မေလ ၁၁ ရက်နေ့ ညနေ ၅ နာရီ အချိန် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

သတို့သားလောင်း ကိုတင်ရှိန်၏ ဖုန်းထဲတွင် တော်လှန်ရေးနှင့်ပတ်သက်သော အချက်အလက်အချို့ကိုတွေ့ရှိသည်ဟု ဆိုကာ စွပ်စွဲချက်ဖြင့် စစ်တပ်က ဖမ်းဆီး စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က မိသားစုထံမှ ငွေကျပ်သိန်း ၅၀ ပေးရန် တောင်းကြောင်း၊ စစ်တပ်က ကိုတင်ရှိန်ကို နေအိမ်သို့ ပြန်လည် ခေါ်လာပြီး နေအိမ်အရောက် အိမ်ရှေ့တွင်ပင် ပစ်သတ်လိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက”သူက ၁၀ ရက်နေ့ ကတည်းဖမ်းဆီးခံရတာပါ။ စစ်ကြောရေးမှာလည်းနေခဲ့ရတယ်။ စစ်ကောင်စီတပ်သားတွေ ပိုက်ဆံ သိန်း ၅၀ တောင်းတယ်လို့ ပြောတယ်။ သူ့ကို အိမ်ကို ခေါ်လာတယ်။ ပြီးတော့ သူရဲ့ အိမ်ရှေ့မှာ သေနတ်နဲ့ ပစ်သတ်လိုက်တာ။ ပိုက်ဆံက ပေးလိုက်ရသလား မပေးလိုက်ရဘူးလားဆိုတော့ သေချာမသိဘူး။ ပစ်သတ်လိုက်တာကတော့ အိမ်ရှေ့မှာ ပစ်သတ်လိုက်တာပါ။ အဲ့ဒီမှာပဲ သေတယ် “ဟုပြောသည်။

ကိုတင်ရှိန်သည် မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေသည့် ညောင်ဇင်ကျေးရွာမှ အမျိုးသားတစ်ဦးဖြစ်ပြီး မင်္ဂလာဆောင်ရန် သတိုးသမီးနှင့်အတူ အလှဓာတ်ပုံ သွားရိုက်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း၊ သတိုးသမီးကို ဖမ်းဆီးခဲ့ခြင်းမရှိခဲ့ကြောင်း သရက်ချောင်းမြို့ခံ တစ်ဦးက ပြောသည်။

သရက်ချောင်းမြို့ခံ တစ်ဦးက “အခု ဖြစ်စဉ် နှစ်ခုက မေလ ၁၀ ရက်နေ့က တစ်ရက်တည်း ဖြစ်တာပါ၊ မင်္ဂလာဆောင်ဖို့ အလှပုံ သွားရိုက်ဖို့ အသွား စုံတွဲကိုပါ စစ်တပ်က ဖမ်းဆီးခဲ့တာ ဖြစ်တယ်”ဟု ပြောသည်။

ထို့ပြင် စစ်တပ်က ညောင်ဇင်ကျေးရွာထဲသို့ မေလ ၁၀ ရက်နေ့ နံနက်ပိုင်း ထားဝယ်ဘက်မှ မြေသည်ကား တစ်စီးနှင့် အိမ်စီးကား တစ်စီးအပါအဝင် ကားနှစ်စီးဖြင့် ရောက်ရှိလာပြီး ပြည်သူ ၅၀ နီးပါးကို အကြောင်းမဲ့ လိုက်လံ ဖမ်းဆီးခဲ့ကြောင်းဒေသခံများက ဆိုသည်။

“အခု ဖမ်းခံလိုက်ရတဲ့ သူတွေထဲမှာ လူငယ် အမျိုးသားလေးတွေ ဆိုရင် စစ်တပ်က အပြင်းထန် ရိုက်နှက်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်တယ်”ဟု သရက်ချောင်းမြို့နေ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရသည့် ဒေသခံ အယောက် ၅၀ ဦးခန့်သည် ဒေသတွင်း အခြေစိုက် သတင်းမီဒီယာ အချို့က ပြန်လည် လွတ်မြောက်လာပြီး ဖြစ်ကြောင်း ရေးသားဖော်ပြထားသော်လည်း ဖမ်းဆီးခံ မိသားစုဝင်များနှင့် ဒေသခံများအား ဆက်သွယ်မေးမြန်းချက်အရ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

ထို့ပြင် ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ပြီး နောက် စစ်ကောင်စီ တပ်ဖွဲ့က နေအိမ် အချို့ကို ဝင်ရောက် စီးနင်းကာ ရွှေ၊ ငွေ၊ ဖုန်းနှင့် တန်ဖိုးကြီး ပစ္စည်များကို ခိုးယူသွားခဲ့ကြောင်း ဒေသခံများထံမှ ပြောဆိုသော်လည်း က သီးခြားအတည်ပြု၍ မရရှိသေးပေ။

အလားတူ လွန်ခဲ့သော ဧပြီလထဲတွင်လည်း ညောင်ဇင်ကျေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က ရွာထဲသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး အပြစ်မဲ့ ပြည်သူ အယောက် ၁၀၀ ဦးကို ဖမ်းဆီး ရိုက်နှက်ပြီး ပြန်လည် လွှတ်ပေးခဲ့သည်။

ဓာတ်ပုံ- စစ်တပ်က သေနတ်ဖြင့် ပစ်သတ်လိုက်သည့် ညောင်းဇင်ကျေးရွာ မှ သတိုးသားလောင်း ကိုတင်ရှိန်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article