ကနီတွင် မုန်တိုင်းအရှိန်ကြောင့် မိုးရွာ ရေကြီးနေစဉ် စစ်တပ်က စစ်ကြောင်းထိုးလာ၍ ပြည်သူ ၁၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
ရန်ကုန်၊ မေ ၁၄
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေချိန် စစ်တပ်က စစ်ကြောင်းထိုးလာ၍ ပြည်သူ ၁၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကနီမြို့မှ သပိတ်ခေါင်းဆောင် ကိုပြည့်အောင်နိုင်ထံမှ သိရှိရသည်။
ကနီမြို့နယ်တွင် ရာသီမုန်တိုင်း ဝင်ရောက်နေသဖြင့် မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိနေသည်မှာ (၂)ရက်တိုင် ရှိခဲ့ပြီဖြစ်ပြီး စစ်ကောင်စီတပ်များက ကနီမြို့အောက်ဘက် ချင်းတွင်း မြစ်အနောက်ဘက်ကမ်း ကျေးရွာများကို စစ် ကြောင်း ထိုးလျက်ရှိကြောင်း၊ စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာအုပ်စု ၅ စုမှ ဒေသခံပြည်သူ ၁၃၁၅၂ ဦး ကျော် သည် ဘေးလွတ်ရာသို့ မိုးထဲရေထဲတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ စစ်ဘေးရှောင် ပြည်သူ ထပ်မံတိုးလာနိုင်သည့် အနေအထားရှိကြောင်း သိရှိရသည်။
ထို့ပြင် စစ်တပ်က မေလ ၁၃ ရက်နေ့တွင် ကနီမြို့နယ် တွင်းရွာမှ ကိုလင်း အသက်(၃၅) နှစ်ကို မင်းမရွာသို့ ဖမ်း- ဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ အဆိုပါ စစ်ကောင်စီ တပ်များသည် ကနီမြို့နယ် မင်းမရွာအတွင်း ၊ ၄င်းရွာ အနီးအနားနှင့် မင်းမရွာ ဘုန်းကြီးကျောင်းထဲ၌ တပ်ချနေကြောင်း သိရှိရသည်။
အလားတူ မေလ ၁၂ ရက်နေ့ ကနီမြို့နယ် တွင်းရွာမှ လူနေအိမ် ၁၂၀ ကျော်ကို မွှေနှောက်၍ အလိုရှိသော ပစ္စည်းများကိုယူဆောင်ပြီး ဆိုင်ကယ် အစီးရေ ၁ဝစီးကို မီးရှိုု့ပြီး သယ်ယူ၍မရရှိသော အိမ်ထောင်ပစ္စည်းများကို ဖျက် ဆီး ကာ နွားတစ်ကောင်ကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။