ယင်းမာပင်မြို့နယ်ရှိ ရေဘေးသင့် ကျေးရွာ ၂ ရွာ ပြည်သူများကို စားသောက်ကုန်များ လှူဒါန်း
ရန်ကုန်၊ မေ ၁၈
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရေဘေးသင့် ကျေးရွာ ၂ ရွာမှ ပြည်သူများကို ယနေ့ မေလ ၁၈ ရက်နေ့တွင် စားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူတန်းမှုကို အညာပစ်တိုင်း ထောင်လေးများအဖွဲ့၊ Western Chindwin Association (WCA) နှင့် Beyond The Chindwin Organization (BCO) တို့ပူးပေါင်းလှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ရေဘေးသင့်ပြည်သူတွေအနေနဲ့ အခက်ခဲတွေရှိနေပါတယ်။ အိမ်တွေ ရှင်းလင်းရေး လုပ်ဖို့ အချိန်ယူနေရပါတယ်။ ပျက်စီးမှုအနေနဲ့ အိမ်သုံးပရိဘောဂ တော်တော်များများ ပျက်စီးတယ်။ လက်ရှိအခြေအနေကတော့ စားသောက်ရေးအတွက် ထမင်းထုပ်လိုအပ်နေပါတယ်” ဟု အညာပစ်တိုင်း ထောင်လေးများ အဖွဲ့ ဦးဆောင်သူ တစ်ဦးက ပြောဆိုသည်။