25 C
Yangon

ကန့်ဘလူမြို့နယ်တွင် စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး၊ ရွာပေါင်း ၃၀ ကျော်က ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ကန့်ဘလူမြို့နယ်တွင် စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး၊ ရွာပေါင်း ၃၀ ကျော်က ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ မေ ၁၈

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ် အတွင်း အကြမ်း စစ်တပ် စစ်ကြောင်း ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ မေလ ၁၇ ရက် နံနက် ၇ နာရီခန့်က ကန့်ဘလူမြို့နယ်၊ အမှတ် ၆၀၀၆ အမြောက်တပ်မှ ဟောင်ဝှစ်ဇာမြောက်ကြီးဖြင့် ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ထိန်တောရွာ ကွမ်းခြံထဲတွင် အလုပ်လုပ်နေသူ အသက် ၂၆ နှစ်အရွယ် လင်မယား ၂ ဦးကို ထိမှန်ခဲ့ပြီး အမျိုးသမီး ဖြစ်သူမှာ ဆေးရုံ၌ သေဆုံးသွားကြောင်း၊ အမျိုးသားဖြစ်သူမှာ ဆေးရုံ၌ ဆက် လက်ကုသမှုခံယူနေရကြောင်း သိရသည်။

“ကန့်ဘလူ ၆၀၀၆ တပ်က အမြဲလိုလို လက်နက်ကြီးတွေနဲ့ ပစ်နေတာဗျ၊ အရင်ကလဲ လူအသေအ ပျောက်မရှိပေမယ့် အိမ်တွေပျက်စီးတာရှိခဲ့တယ်၊ အခုကတော့ လူထိပြီး သေဆုံးသွားတာဗျ” ဟု ကျွန်း လှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ မေလ ၁၈ ရက် နံနက် ၇ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်တပ် ကန့်ဘလူမြို့နယ်၊ ညောင်ပေါင်ရင်း ကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာနေ စစ်ဘေးရှောင်အမျိုးသားနှစ်ဦးသည် ယော၊ လယ်လှရွာဘက်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကြောင်းနှင့် တည့်တည့်တိုးပြီး ပစ်ခတ်ခံရကာ ရွာသစ်ကုန်း ကျေးရွာနေ အသက် ၂၇ နှစ်အရွယ် အမျိုးသားသေဆုံးကာ ညောင်ပေါင်းရင်းကျေးရွာနေ အသက် ၁၈ နှစ်အရွယ်မျိုးသားမှာ ကျည်ထိမှန်ပြီး အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

“ထန်းကုန်းတိုက်နယ်ထဲကို စစ်ကြောင်း ၄ ကြောင်းနဲ့ မနေ့က ကတည်းက ထိုးနေတာဗျ၊ စစ်ဘေးရှောင် တဲ့ အမျိုးသား နှစ်ဦးက စစ်ကြောင်းနဲ့တည့်တည့်တိုးပြီး ပစ်သတ်ခံရတာ၊ ဦးခေါင်းကျည်ထိတဲ့အမျိးသား သေသွားတယ်၊ ကျန်တဲ့တစ်ယောက်က အရေးပေါ်ဆေးကုသမှုခံယူနေရတယ်၊ နေအိမ်တွေလဲ မီးရှို့နေ တယ်၊ လူသားဒိုင်းတွေ ဖမ်းပြီး စစ်ကြောင်းထိုးနေတာ” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်မှ ယနေ့ မေလ ၁၈ နံနက် ၈ နာရီခန့်က ထန်းကုန်းတိုက်နယ်၊ ဥာဏ်အင်းကျေး ရွာ ကို ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် ၂၃ လုံး ၊ စစ်ဘေးရှောင်တဲ ၉ လုံးမီးလောင်ပြာကျခဲ့ကြောင်း၊ ကျွန်းပင် ကုန်းရွာ၌ ညအိမ်တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း – ၃၆၈ စစ် ကြောင်း၌ အသက် ၆၀ အရွယ် အမျိုးသားနှစ်ဦး လူသားတံတိုင်း ဖမ်းဆီးခံထားရကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ၄ ကြောင်းဖြင့် ဝင်ရောက်နေမှုကြောင့် ထန်းကုန်းတိုက်နယ် ကျေး ရွာ ၂၃ ရွာအပါအဝင်အနီးအနားကျေးရွာ စုစုပေါင်း ရွာပေါင်း ၃၀ ခန့်မှ ပြည်သူအမြောက်အများ စစ်ဘေး ရှောင်နေရပြီး ယနေ့ မေလ ၁၈ ရက် နံနက် ၉ နာရီခွဲခန့်တွင်လည်း ဇီးကုန်းတိုက်နယ်၊ မကျည်းကုန်းရွာ အား ပစ်ခတ်စီးနင်း၊ မီးရှို့ဖျက်ဆီးပြီးခဲ့သည့် စစ်ကြောင်းမှာ ယနေ့ညအထိ မကျည်းကုန်းကျေးရွာ အတွင်း တပ်စွဲထားကြောင်း သိရသည်။

Photo – အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေမှုကြောင့် ထွက်ပြေးနေရသော ထန်းကုန်းတိုက်နယ် အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article