မလေးရှားနိုင်ငံတွင် Free Daw Aung San Suu Kyi ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ မေ ၂၂
မလေးရှားနိုင်ငံရှိ NLD-OC-MALAYSIA ရုံး၌ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့် နှင့် ဖမ်းဆီးခံ နိုင်ငံရေး အကျဥ်းသားများ လွတ်မြောက်ရေးအတွက် ရည်ရွယ်၍ Free Daw Aung San Suu Kyi ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြ ကမ်ပိန်းကို ပြည်နယ် လွှတ်တော်အမတ် မှ တက်ရောက် ဖွင့်လှစ်ခဲ့ပြီး မလေးရှားနိုင်ငံ အတွင်းရှိ တော်လှန်ရေး ဦးဆောင်အဖွဲ့များ ဖြစ်သော Education and Health for Myanmar (EHM) မှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ ရွှေဝါရောင် ဖောင်ဒေးရှင်း မှ ဥက္ကဌ ဦးဆောင်သော အဖွဲ့ ၊ CDM ဝန်ထမ်းများ ၊ မြန်မာပြည် မှ ထွက်ပြေးလွတ်မြောက်လာသော ပြည်တွင်း NLD အဖွဲ့ ဝင်များနှင့် မလေးရှား နိုင်ငံအတွင်းရှိ ဒီမိုကရေစီ အရေး တက်ကြွ လှုပ်ရှားသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
Free Daw Aung San Suu Kyi ကမ်ပိန်း သည် နိုင်ငံတကာတွင် လက်ရှိပြုလုပ်နေသော ကမ်ပိန်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သား ဦးထိန်လင်း ကိုယ်တိုင် ဦးဆောင်ပါဝင်နေခြင်းဖြစ်ကြောင်း သိရသည်။