စစ်ကိုင်းမြို့နယ်၊ ပဒူရွာကို စစ်တပ်က Mi 35 ရဟတ်ယာဥ် အပါအဝင် ဂျက်လေယာဥ်တို့ဖြင့် ဗုံးကျဲ ပစ်ခတ်နေ
ရန်ကုန်၊ မေ ၂၂
စစ်ကိုင်းမြို့နယ်၊ ပဒူရွာကို အကြမ်းဖက် စစ်တပ်က Mi 35 ရဟတ်ယာဥ် အပါအဝင် ဂျက်လေယာဥ်တို့ဖြင့် ဗုံးကျဲ ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မြေပြင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ Mi 35 ရဟတ်ယာဥ်အပါအဝင် ဂျက်လေယာဥ်တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
” ဟိုနေ့တွေကတော့ တိုက်ပွဲ အပြင်းအထန်ဖြစ်တယ် ဒီနေ့ ဘာတိုက်ပွဲမှ မရှိဘူး။ ပဒူတိုက်နယ်ကျေးရွာကို လေယာဥ် ၂ စင်းနဲ့လာပြီး ပစ်နေတယ်လို့ သတင်းကြားတယ်။ အထိအခိုက် အပျက်အစီးတော့ မသိရသေးဘူး။ စစ်ခွေးတွေက လွန်ခဲ့တဲ့ရက်က ပြန်ဆုတ်ပြီးမှ အခုမှ လေယာဥ်နဲ့ လာပစ်တာ ပထမရက်ကတည်းက ရှောင်နေတဲ့ လူတွေလည်းရှိသလို အိမ်ပြန်သွားတဲ့လူတွေလည်းရှိတယ်လို့တော့ သိရတယ်။ ပြည်သူတွေ ထိခိုက်မှုရှိမရှိတော့ မသိရသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
ထို့ပြင် မေလ ၂၁ ရက်နေ့ နံနက် ၅ နာရီခန့်က စစ်ကိုင်းတပ်မ ၃၃ မှ အင်အား ၁၀၀ ခန့်ဖြင့် ပဒူကျေးရွာ ဘက်သို့ ထွက်ခွာလာသည့် အကြမ်းဖက် စစ်ကြောင်းကို နံနက် ၁၁ နာရီခန့်မှ စတင်ပြီး ပြည်သူ့ကာ ကွယ် ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အပြင်းအထန် တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား အများ အပြားထိခိုက်သေဆုံးခဲ့ကြောင်းသိရသည်။
ပဒူကျေးရွာသည် အိမ်ခြေ ၁၃၀၀ ခန့်ရှိသော ကျေးရွာတစ်ရွာဖြစ်ပြီး တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ပဒူကျေးရွာအပါအဝင် စစ်ကိုင်း မြို့နယ်မြောက် ခြမ်းရှိ ကျေးရွာများဖြစ်သော စာရေး အရှေ့ရွာ၊ စာရေး အနောက်ရွာ၊ ကျောက် ပနန် ကျေးရွာ၊ ကံကြီးကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ပဒူကျေးရွာ၊ ခက်ခ အရှေ့ရွာ၊ ခက်ခ အနောက်ရွာစသည့် ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရ ကြောင်း သိရှိရသည်။