ပဒူရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီးနောက် စစ်ကြောင်းက ရွာကို စီးနင်း မီးရှို့နေ
ရန်ကုန်၊ မေ ၂၂
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီးနောက် စစ်ကြောင်းက ရွာကို စီးနင်း မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ မေလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က ပဒူရွာကို Mi 35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ပြီးနောက် ကျေးရွာကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ တပ်မ ၃၃ လက်အောက်ခံ အင်အား ၁၀၀ ပါ စစ်ကြောင်းသည် ကျေးရွာအတွင်းသို့ ရောက်ရှိလာပြီး ရွာကို မီးတင်ရှို့နေကြောင်း သိရသည်။
“ပဒူကျေးရွာကို တိုက်လေယဥ် နဲ့ ဗုံးကျဲပြီး စစ်ကြောင်းက ရွာထဲကို စီးနင်းမီးရှို့နေတယ်။ ဒီနေ့ ညနေ ၄ နာရီလောက်မှာ စပြီးလောင်နေတာ တိုက်လေယာဥ် ရော mi-35 ရောက မွန်းလွဲပိုင်းက ပစ်တာ အခုက မီးရှို့နေတာ တပ်မ – ၃၃ က အင်အား ၁၀၀ နဲ့ ရွာထဲရောက်နေတယ်လို့ သိရတယ်။ ပြည်သူတွေ ထိခိုက်မှုရှိမရှိတော့ မသိရသေးဘူး။ အဲရွာက ပြည်သူတွေက စစ်ဘေးရှောင်နေရတာ တချို့လဲ ရွာထဲမှာလို့ပြောတယ် အတိအကျတော့ မသိရသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
ပဒူရွာတွင် မေလ ၂၁ ရက်နေ့၌ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြားသောကြောင့် ယနေ့ မွန်းလွဲပိုင်း ကျေးရွာထဲကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီးနောက် တပ်မ ၃၃ မှ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းက ကျေးရွာကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။