ညောင်ဦးမြို့နယ်၊ တက်မ ရေနံမြေမှော်တွင် စစ်တပ်က ရေနံတူးဖော်မှု ပိတ်ပင်လိုက်၍ ရေနံလုပ်သား မိသားစု သိန်းချီ အလုပ်လက်မဲ့ဖြစ်
ရန်ကုန်၊ မေ ၂၃
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ တက်မ ရေနံမြေမှော်တွင် စစ်တပ်က ရေနံတူးဖော်မှု ပိတ်ပင်လိုက်၍ ရေနံလုပ်သား မိသားစု သိန်းချီ အလုပ်လက်မဲ့ဖြစ်ကာ ဒုက္ခရောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၂၁ ရက်နေ့က စတင်ကာ ညောင်ဦးမြို့နယ် တက်မ ရေနံမြေမှော်တွင် ရေနံတူးဖော်ခြင်းကို အကြမ်းဖက် စစ်တပ်က ပိတ်ပင်လိုက်သောကြောင့် ရေနံမြေ လုပ်သား မိသားစု ၁ သိန်းဝန်ကျင် ဒုက္ခရောက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် တက်မ ရေနံမြေ မှော် ကော်မတီဥက္ကဌ မျိုးမင်းထွန်းသည် လူမိုက်မွေး၍ အခွန်အခများကောက်ခံကာ ခေါင်းစဥ် အမျိုးမျိုးဖြင့် ကောက်ယူခဲ့ကြောင်း၊ ရေနံသယ်ကား ၁ စီးကို ဝင်ကြေးအဖြစ် ကဒ်ပြုလုပ်ရပြီး ကား ၁ စီးကို ၁ သိန်းကျပ်ပေးရကာ ကားအရေအတွက် များပြားကြောင်း သိရသည်။
” ဒေသ ဖွံ့ဖြိုးရေး အတွက်ဆိုပြီး ရေနံ တစ်ပေပါကို ၁ ထောင်ကျပ် ပေးရတယ်။ ဘာဖွံ့ဖြိုးရေးမှ လုပ်မပေးပါဘူး။ ရေနံပေပါ တစ်ရက်ကို ထောင်ဂဏန်းလောက်ရှိမယ်။ အုပ်ချုပ်ရေး အတွက် ဆိုပြီးတော့လည်း ၁ ထောင်ကျပ် ထပ်ကောက်တယ်။ စုစုပေါင်း နှစ်ထောင်ကျပ်ပေးရတယ်။ ရေနံမှော် ရေနံတူးစက်များကိုလည်း ကော်မတီရုံး ဝင်ခွင့်ကဒ် ဆိုတာလုပ်ရတယ်။ ရေနံတူးစက် တစ်လုံးကို ၂ သိန်းကျပ် ပေးရတယ်။ ရေနံတူးစက် ရာဂဏန်းကျော်ရှိတယ်။ ပြည်သူများ ရေနံတူးမယ်ဆိုရင် ရေနံ ၁ တွင်းကို ငွေကျပ် ပေးရပါတယ်။ အဲတာတွေကို ကော်မတီရုံး ဥက္ကဌ မွေးထားတဲ့ တပည့်များက ငွေလိုက်ကောက် ငွေသိန်းနှစ်ဆယ့် ပေးမှ ရေနံတူးခွင့်ပေးတာပါ” ပြည်သူတစ်ဦးကပြောဆိုသည်။
တက်မ ရေနံမြေမှော်အတွင်း ရေနံတွင်းပေါင်း ထောင်ချီရှိပြီး ငွေသိန်းပေါင်း ဘီလီယံနှင့် ချီ၍ တက်မ ရေနံမြေ မှော် ကော်မတီ ဥက္ကဌ မျိုးမင်းထွန်းသည် အထက် လူကြီး အမည်များကိုသုံး၍ ခေါင်းစဥ် အမျိုးမျိုးဖြင့် ငွေကောက်ခံပြီး စာရင်းမရှင်းကြောင်း သိရသည်။
ထိုသို့ ငွေကြေး အများအပြား ကောက်ခံပြီးနောက် တက်မ ရေနံမြေ ကော်မတီက စာထုတ်ပြီး ရေနံတွင်းများ လုံးဝ ရေနံ ခပ်ခွင့်မရှိ၊ ရေနံသယ်ယူခွင့်မရှိ ပိတ်ပင်လိုက်ကြောင်း စာထုတ်ပြန်လိုက်သောကြောင့်ရေနံလုပ်သား မိသားစုများ စားဝတ်နေရေး ဒုက္ခရောက်နေကြောင်း သိရှိရသည်။