ပခုက္ကူတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မိုင်းရှင်းလင်းရေး ပြုလုပ်နေစဥ် မိုင်းပေါက်ကွဲပြီး ၅ ဦးသေဆုံး၊ မတ္တရာနှင့် စဥ့်ကူးတို့တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား
ရန်ကုန်၊ မေ ၂၉
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မိုင်းရှင်းလင်းရေး ပြုလုပ်နေစဥ် မိုင်းပေါက်ကွဲပြီး ၅ ဦးသေဆုံးကြောင်း မြိုင်ပကဖ အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် ပခုက္ကူမြို့နယ် ကန်တော်နှင့် ကန်မ အကြားတွင် မိုင်းရှင်းလင်းရန် အတွက် ညောင်ဂျစ်ပင် ပျူစောထီးရွာမှ စစ်သားနှင့် ပျူစောထီးများသည် ကား ၃ စီးဖြင့် မိုင်းလာရောက် ရှင်းလင်းစဥ် မိုင်းပေါက်ကွဲပြီး စစ်သား ၁ ဦး ပျူစောထီး ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရှိခဲ့သော စစ်သားနှင့် ပျူစာထီး ၅ ဦးသည် ယနေ့ မေလ ၂၉ ရက်နေ့တွင် သေဆုံးသွားကြောင်း၊ ယင်းနေရာကို မြိုင် ပကဖ အဖွဲ့မှ သွားရောက် စစ်ဆေးရာ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ် တို့တွင် အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၅၁ ဦးခန့် သေဆုံးကြောင်း မန္တလေးခရိုင် အမှတ် ၄ တပ်ရင်း ထံမှ သိရသည်။
မေလ ၂၃ ရက်နေ့ မှ ၂၅ ရက်နေ့ အထိ မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ် တို့တွင် အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး မေလ ၂၄ ရက်နေ့တွင် စစ်သား ၃၆ ဦး နှင့် မေလ ၂၅ ရက်နေ့တွင် စစ်သား ၁၅ ဦးဝန်းကျင်ခန့် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ၃ ရက်တာ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားခဲ့သောကြောင့် မေလ ၂၃ ရက်နေ့တွင် စစ်တပ်က စဉ့်ကူးမြို့နယ်ရှိ သဲအင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် မေလ ၂၄ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့နယ်ရှိ တမာကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယမန်နေ့ကလည်း ယက်ကန်းစင်တောင်ပေါ်မှ အကြမ်းဖက် စစ်တပ်က ၁၈၀ မမ နှင့် ၁၆၀ လက်နက်ကြီးများဖြင့် ကျွန်းကြီးရွာကို ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင် နေအိမ် ၁၀ လုံးခန့် မီးငြှိမ်းသတ်ခဲ့ရပြီး တမာကုန်းရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် သဲအင်းကျေးရွာကို ၅ ကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ထိတွေ့ တိုက်ပွဲများကို မန္တလေးခရိုင်အမှတ် ၄ တပ်ရင်း ( SAF ) နှင့် အတူ စဉ့်ကူးတိုက်နယ် အဖွဲ့၊ ဗိုလ် tiger အဖွဲ့၊ ရင်း ၅၁၀ အဖွဲ့အစည်း၊ Urban Guerrilla Force-Mdy နှင့် ဒေသတွင်း အဖွဲ့အစည်းများ၊ မဟာမိတ်အဖွဲ့အစည်းများက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Photo – ပခုက္ကူတွင် မြိုင် ပကဖ အဖွဲ့များ နယ်မြေရှင်းလင်းရေး ပြုလုပ်စဥ် သိမ်းဆည်းရမိသော လက်ပစ်ဗုံး