40.9 C
Yangon

KNU ထိပ်ပိုင်းခေါင်းဆောင်အချို့သည် ဒုစရိုက်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေပြီး အရေးယူခြင်းမရှိ သဖြင့် ၁၇ ကြိမ်မြောက် ရွေးကောက်ပွဲ ကွန်ဂရက်မှ နှုတ်ထွက်ခဲ့ကြောင်း KNU တပ်မဟာ ၅ ထုတ်ပြန်

Must read

KNU ထိပ်ပိုင်းခေါင်းဆောင်အချို့သည် ဒုစရိုက်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေပြီး အရေးယူခြင်းမရှိ သဖြင့် ၁၇ ကြိမ်မြောက် ရွေးကောက်ပွဲ ကွန်ဂရက်မှ နှုတ်ထွက်ခဲ့ကြောင်း KNU တပ်မဟာ ၅ ထုတ်ပြန်

ရန်ကုန်၊ မေ ၁၇

KNU ထိပ်ပိုင်းခေါင်းဆောင်အချို့သည် ဒုစရိုက် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သတ်နေပြီး အရေးယူ ဆောင်ရွက်ပေးခြင်းမရှိသဖြင့် ၁၇ ကြိမ်မြောက်ကွန်ဂရက်မှ နှုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း KNU – ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ တပ်မဟာ (၅) ဌာနချုပ်က မေလ ၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည်။

ကေအဲန်ယူ – ဗဟို ကရင် အမျိုးသားအစည်းအရုံးကျင်းပသော ၁၇ ကြိမ်မြောက် ရွေးကောက်ပွဲ ကွန်ဂရက်မှ နုတ်ထွက် လိုက်ခြင်းသည် ကေအဲန်ယူ – ဗဟိုထိပ်သီးခေါင်းဆောင်အချို့သည် အာဏာကိုအလွဲသုံးစား၍ ဒုစရိုက် စီးပွားရေး လုပ်ငန်းများတွင် ပါဝင် ပတ်သက်နေကြောင်းကို သတင်းနှင့်ခိုင်လုံသော အထောက် အထားများအရ သိရှိရချိန်နှင့် အကြမ်းဖက် စစ်ကောင်စီက ဂုဏ်ပြုချီးမြှင့်သော ဂုဏ်ထူးဆောင်ဆုကို ကေအဲန်ယူ ဥက္ကဋ္ဌက လက်ခံခဲ့သည့် အချက်နှစ်ခုလုံးသည် ကေအဲန်ယူ၏ စည်းမျဉ်းဥပဒေနှင့် ရပ်တည် ချက်အား ချိုးဖောက်သည်ကို ငြင်းနိုင်ဖွယ်မရှိကြောင်း မူတြော်ခရိုင်၊ တပ်မဟာ ၅ အမြဲတမ်း ကော်မတီက ဖော်ပြထားသည်။

ကေအဲန်ယူ အုပ်ချုပ်သည့် နယ်မြေများ အတွင်း ကေအဲန်ယူ ထိပ်သီးခေါင်းဆောင်အချို့၏ ပါဝင်သက်မှုနှင့် မကင်းသည့် နိုင်ငံတကာ ဒုစရိုက် စီး ပွားရေး လုပ်ငန်းများ ဝင်ရောက် ထွန်းကားလာခြင်းသည် ကေအဲန် ယူ အဖွဲ့အစည်းနှင့် ကရင်တစ်မျိုးသားလုံးအတွက် ကြီးမားသော ပြဿနာတစ်ခုဖြစ်ပြီး ယင်းပြဿနာကို အလေးထားကာ နည်းစနစ် ကျကျ ထိရောက်စွာအချိန်မီ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ဥပေက္ခာပြု ဟန်ပြသဘောဖြင့်သာ ကိုင်တွယ်ဖြေရှင်းမည်ဆိုပါက အချိန်ကြာလာသည်နှင့်အမျှ ဒုစရိုက်စီးပွားရေး လုပ်ငန်များသည် ကေအဲန်ယူ၏ နိုင်ငံရေးနှင့် ကရင်တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို ပျက်စီး အားနည်းလာစေမည်ဟု ကေအဲန်ယူ၏ ဗဟိုကွန်ဂရက်ကို တင်ပြခဲ့သော်လည်း အရေးမကြီးသလို သဘောထားခံခဲ့ရကြောင်း သိရသည်။

ယင်းကိစ္စများ၌ ခိုင်မာသောအထောက်အထားနှင့် စွပ်စွဲခံရသောခေါင်းဆောင်အချို့ကိုယ်တိုင်မှ ၎င်းတို့၏ အမှားကို ဝန်ခံခဲ့ပါလျက် ကေအဲန်ယူကွန်ဂရက်မှ ပေါ့ပေါ့တန်တန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်မှာ ဒုစ ရိုက် စီးပွားရေးနှင့် ဆက်နွယ်နေသော ခေါင်းဆောင်များကို ကူညီကာကွယ်ပေးသကဲ့သို့ ဖြစ်နေပြီး အဖွဲ့ အစည်း၏ မူဝါဒကို ဆန့်ကျင်ရာရောက်ကြောင်း၊ ယင်းဒုစရိုက်စီးပွားရေး လုပ်ငန်းများမှာ ကေအဲန်ယူ၏ (၁၆) ကြိမ်မြောက်ရွေးကောက်ပွဲ ကွန်ဂရက်က ရွေးချယ်ပေးလိုက်သော အမြဲတမ်းကော်မတီက တာဝန်ခံရမည်ဖြစ်ပြီး ယင်းပြသနာကိုဖြေရှင်းပေးရန် ၁၇ ကြိမ်မြောက်ကွန်ရက်မတိုင်မီ အချိန်ကာလ ၂ လတွင်း တင်ပြခဲ့သော်လည်း ၁၇ ကြိမ်မြောက်ကွန် ယက်က ရေတိုတွင် ဖြစ်စေ၊ ရေရှည်တွင်ဖြစ်စေ အရေယူဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ပြီး အရေးယူသင့် သည့် ခေါင်းဆောင်များကို အရေးယူခြင်း၊ မရှိပဲ ရွေးကောက်ပွဲကို ဝင်ရောက်ရွေးချယ်ခံခဲ့ကြောင်း သိရ သည်။

ထို့ကြောင့် ဗဟို ကွန်ဂရက်သည် လက်ရှိပြဿနာနှင့် အငြင်းပွားမှုများကို ဖြေရှင်းနိုင်မည်မဟုတ်ဟု မူ တြော်ခရိုင်ကိုယ် စားလှယ်များက ယူဆကြောင်း၊ ကေအဲန်ယူ၏အမြင့်ဆုံးအာဏာသည် ကွန်ဂရက်တွင်သာရှိသောကြောင့် အရေးကိစ္စအားလုံးကို ကွန်ဂ ရက်တွင်သာ ဆွေးနွေးရမည်ဖြစ်ပြီး ကွန်ဂရက်၏ဆုံးဖြတ်ချက်ကသာ နောက်ဆုံးဖြစ်သည်ဟု ဗဟို ကေအဲန်ယူ ခေါင်းဆောင် များက အကြောင်းပြန်ခဲ့သဖြင့် ဗဟိုကွန်ဂရက်ကို တက်ရောက်ခဲ့သော်လည်း ကိုယ်စားလှယ်အများစုက ရွေးကောက်ပွဲကိစ္စရပ်ကိုသာ ပြီးဆုံးအောင် ဦးစားပေးဆောင်ရွက်ပြီး ကရင် လူမှု အဖွဲ့အစည်းများဖေါ်ပြခဲ့သည့် ဒုစရိုက် စီးပွားရေးလုပ်ငန်းများ အကြောင်းကို အသစ်တက်လာမည့် ခေါင်းဆောင် များ လက်ထဲသို့အပ်နှံကာ ဆက်လက်ကိုင်တွယ်အရေးယူစေရန် သဘောတူခဲ့သည်ကို လက်မခံနိုင်ကြောင်း ဖော်ပြထားသည်။

ထိုသို့ သဘောမတူ လက်မခံနိုင်ရသည့် အကြောင်းအရင်သည် ဒုစရိုက်စီးပွားရေးလုပ်ငန်းများတွင် ကေအဲန်ယူ ခေါင်းဆောင် အချို့ ပါဝင် ပတ်သက်နေသည့် အရေးကိစ္စနှင့်ပတ်သက်၌ ကွန်ဂရက်ကိုယ်စားလှယ်များအား ကြိုတင် အသိပေးထားမှု မရှိခြင်း၊ ကွန်ဂ ရက် ကိုယ်စားလှယ်များက ကရင်လူမှုအဖွဲ့အစည်းများ၏ တင်ပြချက်များကို အလေးမ ထားသည့် အပြင် ကရင်လူမှုအဖွဲ့အစည်းများကို အပြစ်တင်သည်ဟု ခံစားရခြင်း၊ တက်ရောက်လာသော တပ်မဟာ ၅ ကိုယ်စားလှယ်များကို မဟုတ်မမှန်သော အကြောင်းအရာများတင်ပြသူဟု မယုံသင်္ကာသည့် ပုံစံ ဖြင့် ထပ်ကာတလဲလဲ မေးမြန်းခြင်း၊ ရွေးကောက် ပွဲကွန်ဂရက်ကို နှောင့်ယှက်သူများဖြစ်သည်ဟု အဓိပ္ပါယ် ဆောင်သည့် စကားအသွားအလာများ၊ စသည့်အကြောင်းများ ကြောင့် မူတြော်ခရိုင် တပ်မဟာ (၅) ကိုယ်စားလှယ်များက ရရှိထားသောအချက်အလက်နှင့် အထောက်အထားအားလုံးကို တင်ပြမည်ဖြစ်ပြီး ၁၇ ကြိမ်မြောက်ကွန်ဂရက်တွင် ပါဝင်ရွေးကောက်ခံသွားတော့ မည်မဟုတ်ဟု တပ်မဟာ ၅ ၏ ရပ်တည်ချက်ကို ကွန်ဂရက်သို့ တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ကေအဲန်ယူဗဟို၏ ၁၇ ကြိမ်မြောက်ကွန်ဂရက်မှ နုတ်ထွက်လိုက်ခြင်းသည် ကေအဲန်ယူ – ကရင် အမျိုး သားအစည်း အရုံး၏ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လမ်းစဉ်များအောက်ကနေ ခွဲထွက်သွားခြင်း မဟုတ်ဘဲ ကေအဲန်ယူအဖွဲ့အစည်း၏ အနာဂတ်ဦးဆောင်မှု ပိုမိုကောင်းမွန်ခိုင်ခံ့ရန်၊ လူထုတစ်ရပ်လုံး၏ ယုံကြည် ထောက်ခံမှုကိုရရှိရန်နှင့် ကရင်တစ်မျိုးသားလုံး၏စည်းလုံးညီညွတ်မှု ပိုမိုအားကောင်းလာ ရန်သာ ဖြစ်ကြောင်း မူတြော်ခရိုင်၊ တပ်မဟာ ၅ KNU အမြဲတမ်း ကော်မတီက ထုတ်ပြန်ထားသည်။

ဒုစရိုက်စီးပွားရေးလုပ်ငန်းနှင့် နိုင်ငံတကာဥပဒေကိုချိုးဖေါက်သောစီးပွားရေးလုပ်ငန်းများသည် အဖွဲ့အ စည်း အတွင်း သဘောထားကွဲလွဲမှုနှင့်ပြိုကွဲမှုဖြစ်ပေါ်စေရန်၊ လူထုနှင့် ရန်တိုက်ပေးရန်၊ နိုင်ငံရေးကို အဆုံးသတ်သွားစေရန် ပြုလုပ်နေသော အကြမ်းဖက် စစ်ကောင်စီ၏နည်းဗျူဟာဖြစ်ပြီး ယခုကွန်ဂရက်မှ ရွေးကောက်လိုက်သည့် ကေအဲန်ယူခေါင်းဆောင်သစ်တို့သည် ယင်းပြဿနာအရေးကိစ္စကို ကိုင် တွယ် ဖြေရှင်းရန်၊ ကေအဲန်ယူအဖွဲ့အစည်း ပဒေကိုချိုးဖေါက်သော ကေအဲန်ယူခေါင်းဆောင်များကို အရေး ယူရန် နှင့် ကော်သူးလေနယ်မြေအတွင်းရှိသည့် ဒုစရိုက်စီးပွားရေးလုပ်ငန်းများကို ဆန့်ကျင်ချေမှုန်းခြင်းမှ တစ်ဆင့် တရားဥပဒေစိုးမိုးမှုကို အကောင်အထည်ဖေါ်ရန် တာဝန်ယူတာဝန်ခံရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

မူတြော်ခရိုင် တပ်မဟာ (၅) အနေဖြင့် ကေအဲန်ယူ – ကရင် အမျိုး သားအစည်း အရုံး၏ ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေနှင့် လမ်းစဉ်များကို ခိုင်မာစွာရပ်တည်သွားမည်ဖြစ်ပြီး ကေ အဲန်ယူအဖွဲ့အစည်းနှင့် ကော်သူး လေ နယ်မြေအတွင်း တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးမှုရှိစေရန် တတ်စွမ်းသမျှ ဆက်လက် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ပန်းတိုင်သို့ မြန်ဆန်စွာရောက်ရှိနိုင်ရန် အကြံဉာဏ်များ၊ ပံ့ပိုးကူညီမှုများနှင့် နည်းလမ်းအမျိုးမျိုးဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို ဖိတ်ခေါ် ကြိုဆိုပါကြောင်း အသိပေး ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- KNU တပ်မဟာ ၅ ခေါင်းဆောင်လည်းဖြစ် KNLA ဒုတိယစစ်ဦးစီး ချုပ်လည်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article