28 C
Yangon

“စစ်ကိုင်းဖိုရမ်က ဖွဲ့စည်းမည့် တိုင်းအတိုင်ပင်ခံ ကောင်စီမှာ စင်ပြိုင်ထောင်ခြင်းမဟုတ်ဘဲ စစ်အာဏာရှင် ချေမှုန်းရေး အရှိန်တင်ရန်နှင့် တော်လှန်ရေးအဖွဲ့များ စုစည်း ညီညွတ်မှု အားကောင်းရန်ဖြစ်”

Must read

“စစ်ကိုင်းဖိုရမ်က ဖွဲ့စည်းမည့် တိုင်းအတိုင်ပင်ခံ ကောင်စီမှာ စင်ပြိုင်ထောင်ခြင်းမဟုတ်ဘဲ စစ်အာဏာရှင် ချေမှုန်းရေး အရှိန်တင်ရန်နှင့် တော်လှန်ရေးအဖွဲ့များ စုစည်း ညီညွတ်မှု အားကောင်းရန်ဖြစ်”

By ရန်ကုန်ခေတ်သစ်

စစ်ခွေးသင်္ချိုင်းစစ်ကိုင်းတိုင်းဆိုပြီး အကြမ်းဖက်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ကို တော်လှန်နေတဲ့ စစ်ကိုင်းတိုင်းမှာ တော်လှန်ရေးအဖွဲ့ ၁၇၃ ဖွဲ့ ပါဝင်တဲ့ စစ်ကိုင်းဖိုရမ်ကို ၂ ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို တော်လှန်ရေးအားကောင်းတဲ့ ဒေသမှာ ပြုလုပ်တာမို့ အားလုံးရဲ့ စိတ်ဝင်စားမှုတွေလည်း ခံရပြီး NUG အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေကပါ ဒီ ဖိုရမ်ကို သဝဏ်လွှာ‌တွေ အသီးသီးပေးပို့တဲ့အထိ စိတ်ဝင်စားမှု ရှိခဲ့ကြပါတယ်။

ဆိုတော့ အဲဒီ ဖိုရမ်မှာ ဘာတွေ ဆွေးနွေးခဲ့ကြသလဲ။ ဒီဖိုရမ်ကနေ ဘယ်လို နိုင်ငံရေးအစုအဖွဲ့တွေ ဖြစ်လာနိုင်မလဲ စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းဖိုရမ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေကို ဆက်သွယ်မေးမြန်းကြည့်ပါမယ်။

မေး။ ။ ဒီစစ်ကိုင်းဖိုရမ်မှာ ဘယ်လိုတာဝန်ယူထားလဲ ။ ဘယ်အဖွဲ့ကို ကိုယ်စားပြုသလဲဆိုတာ ကျွန်တော့်ကို အရင်ဆုံးရှင်းပြပေးလို့ ရမလား။

ဖြေ။ ။ အရင်တုန်းကတော့ ကျွန်တော်က ဒီမုံရွာဒေသခံ တက်ကြွလှုပ်ရှားသူ တစ်ယောက် နိုင်ငံရေးသမားတစ်ယောက်ပါ။ တော်လှန်ရေးဖြစ်တဲ့အချိန်မှာတော့ ကိုဝေမိုးနိုင်တို့နဲ့ အတူတူပဲ မုံရွာသပိတ်ကော်မတီအဖွဲ့ဝင်အနေနဲ့ တော်လှန်ရေးကို စခဲ့ကြတယ်။

နောက်ပိုင်းမှာတော့ သပိတ်လိုင်းကတော့ ကျွန်တော်တို့ ညီငယ်တွေ ဆက်ပြီးတော့ လုပ်နေကြတော့ အခုချိန်မှာတော့ သပိတ်မဟုတ်တဲ့ အခြားကိစ္စရပ်တွေကို စစ်ကိုင်း၊ ချင်း၊ ယောတစ်ခွင်မှာ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်လို့။ ဒီ စစ်ကိုင်းဖိုရမ်နဲ့ ပတ်သက်လို့ကတော့ စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ ဖွဲ့စည်းပြီးတော့ ကမကထလုပ်ပြီး တောက်လျှောက်ဆောင်ရွက်တာရှိတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေထဲက တစ်ဦးအနေနဲ့ ကျွန်တော် တာဝန်ယူထားပါတယ်။

မေး။ ။ ၂ ရက်တာ ကျင်းပခဲ့တဲ့ စစ်ကိုင်းဖိုရမ်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကရော တိုင်းရင်းသားလက်နက်ကိုင်တွေကရော သဝဏ်လွှာတွေကို အသီးသီးပေးပို့တာ တွေ့ရတယ်။ ပြီးတော့ အားလုံးရဲ့ စိတ်ဝင်စားမှုရှိတာကိုလည် တွေ့ရတယ်။ ဒီစစ်ကိုင်းဖိုရမ်နဲ့ အခြေအနေနဲ့ တက်ရောက်ခဲ့တဲ့ ၁၇၃ ဖွဲ့ရဲ့ စုစည်းဖြစ်တဲ့ အခြေအနေကိုရော ရှင်းပြပေးလို့ရနိုင်မလား။

ဖြေ။ ။ ဟုတ်ကဲ့ အခြေခံစဉ်းစားချက်ကတော့ ကျွန်တော်တို့ စစ်ကိုင်းတိုင်းက တော်လှန်ရေးမှာ အားကောင်းတယ်ပေါ့ဗျာ။ ၃၇ မြို့နယ်ရှိတဲ့အထဲမှာ ၃၇ မြို့နယ်လုံး ကျွန်တော်တို့ တိုင်းက တော်လှန်တယ်ပေါ့ဗျာ။ ပြီးတဲ့အခါကျတော့ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့တဲ့ ပထမဆုံး ကျည်ဖောက်ခဲ့တဲ့ တိုင်းလည်း ဖြစ်တယ်။

အခုထိလည်း မြေပေါ်မြေအောက် လက်နက်ကိုင်ဆန့်ကျင်မှု လူထုသပိတ်လှုပ်ရှားမှုတွေ အခုအချိန်အထိ အားကောင်းနေတုန်းပဲ။ လက်နက်ကိုင်ဆန့်ကျင်မှုလည်း အားကောင်းနေတုန်းပဲ ဖြစ်တယ်။ သို့သော်ငြားလည်း ကျွန်တော်တို့တိုင်းက တော်လှန်ရေးမှာလည်း အားကောင်းသလောက် မတူကွဲပြားမှုတွေလည်း ကျွန်တော်တို့ အချင်းချင်းကြားမှာ အားကောင်းတယ်ပေါ့ဗျာ။ အားကောင်းတယ်ဆိုတဲ့အခါကျတော့ ဒီပုံစံဆိုရင်တော့ ကျွန်တော်တို့တွေ တော်လှန်ရေး ချိနဲ့လာမှာ စိုးရိမ်တယ်ပေါ့။

အဲဒီအတွက် ဒီ မတူကွဲပြားမှုတွေ ကြားထဲမှာ ကျွန်တော်တို့မှာ ညှိနှိုင်းပေါင်းစပ်နိုင်တဲ့ အတူတူပူးပေါင်းလုပ်နိုင်တဲ့ ဘော်ဒီတစ်ရပ်ပေါ်ထွန်းမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ တိုင်းရဲ့ တော်လှန်ရေးအရွေ့က ပိုပြီး မြန်ဆန်သွားမယ်လို့ ကျွန်တော်တို့တွေက စဉ်းစားကြတာရှိပါတယ်။ ဆိုတဲ့အခါကျတော့ နောက်တစ်ချက်ကတော့ ကျွန်တော်တို့တွေရဲ့ အန္တိမရည်မှန်းချက်က ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်တည်ဖို့။

ဖက်ဒရယ်တည်ဖို့ဆိုရင် ကျွန်တော်တို့ ပြည်သူတွေ ကိုယ်၌ကိုယ်က ဖက်ဒရယ်ကို မျှော်ရည်ပြီးတော့ စဉ်းစားတာတွေ ၊ ဆောင်ရွက်တာတွေ လုပ်ရမယ်ဗျာ။ လုပ်တဲ့အခါမှာ ကျွန်တော်တို့က အခြေခံဖြစ်တဲ့ ဒေသတွေ၊ပြည်နယ်တွေကနေ စပြီးတော့ ဖက်ဒရယ်ကို မျှော်ရည်ပြီးတော့ ဆောင်ရွက်တာတွေ ပြင်ဆင်တာတွေ လုပ်ရမယ်။

အဲဒီတော့ ကျွန်တော်တို့တိုင်းမှာက ပြောရမယ်ဆိုရင် တစ်တိုင်းလုံးကို ခြုံငုံမိတဲ့နိုင်ငံရေးအစုအဖွဲ့၊ နောက်တစ်ခုက တစ်တိုင်းလုံးရဲ့ တစ်စုတစ်စည်းတည်းတောင်းဆိုတဲ့ နိုင်ငံရေးတောင်းဆိုချက်က ထင်ထင်ရှားရှားမရှိတာလေဗျာ။ မြေပြင်မှာ တော်လှန်နေတဲ့ တချို့အဖွဲ့တွေကို ကျွန်တော်တို့ မေးကြည့်တဲ့အခါမှာ ဘာကြောင့်တော်လှန်နေကြသလဲဆိုရင် စစ်အာဏာရှင်ကို မကြိုက်လို့၊ ရွေးကောက်ပွဲမှာ အနိုင်ရထားတာကို အာဏာသိမ်းတာကို မကြိုက်လို့၊ အမေစုကို ဖမ်းထားတာ မကြိုက်လို့။ မကြိုက်ခြင်းတွေကို များများကြားရတယ်။

ဟုတ်ပြီ ဒါဆိုရင် ကျွန်တော်တို့ ကြိုက်တာက ဘာလဲ ။ ကျွန်တော်တို့ စစ်ကိုင်းသားတွေ လိုချင်တဲ့ နိုင်ငံရေး ရည်မှန်းချက် နိုင်ငံရေး စံနှုန်းက ဘာလဲဆိုတဲ့ အပိုင်းမှာတော့ ကျွန်တော်တို့ စစ်ကိုင်းတိုင်းက တစ်စုတစ်စည်းတည်းထွက်ပေါ်လာဖို့ အားနည်းနေတယ်ပေါ့ဗျာ။

ဒီလိုမျိုးတွေ ခံစားမိတဲ့အတွက်ကြောင့် စစ်ကိုင်းတိုင်းမှာ နိုင်ငံရေးအရပေါင်းစပ်ညှိနှိုင်းနိုင်တဲ့ Body တစ်ရပ်ပေါ်လာမယ်ဆိုရင်တော့ တော်လှန်ရေးကို ထိထိရောက်ရောက်လုပ်နိုင်မယ်။ ပြီးတော့ မြေပြင်မှာလုပ်နေတဲ့ တော်လှန်အင်အားစုတွေရဲ့ အားသာချက်တွေကိုလည်း ထိထိရောက်ရောက်ဖော်ထုတ်နိုင်မယ်လို့ယူဆပါတယ်ဗျ။ ဒါကြောင့် စစ်ကိုင်းဖိုရမ် ဆိုတာမျိုး ကျင်းပဖို့ ဖြစ်လာတာပါ။

မေး။ ။ ဒီ စစ်ကိုင်းဖိုရမ်မှာ တက်ရောက်ဆွေးနွေးခဲ့တဲ့ တော်လှန်ရေးအဖွဲ့ ၁၇၃ ဖွဲ့က တော်လှန်ရေးမှာ ပါဝင်နေတဲ့ အဖွဲ့တွေပဲလား ။ သီးခြားအဖွဲ့တွေပဲ။ ဒါမှမဟုတ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဌာန အောက်မှာပါတဲ့ ပကဖ တွေပဲလား။ ဘာကြောင့်ဆိုတော့ အဖွဲ့တွေက စုံစုံလင်လင်ညီညီတက်ရောက်ခဲ့တာ တွေ့ရလို့ပါ။

ဖြေ။ ။ အဓိကကတော့ MOD နဲ့ ပတ်သက်တဲ့ အဖွဲ့တွေရော မပတ်သက်တဲ့ အဖွဲ့တွေရော အစုံပါပါတယ်ဗျ။ ဒါပေမဲ့ တစ်ခုရှိတာကတော့ ကျွန်တော်တို့ ဖိတ်ကြားတဲ့ စာရင်းမှာဆိုရင် ၁၉၀ လောက်ရှိတယ်။ဒါပေမဲ့လိုင်းအခြေအနေ မြေပြင်လုံခြုံရေးအခြေအနေအရ ၁၇၀ ကျော်ပဲ တက်နိုင်တဲ့ အခြေအနေပေါ့။

ဒါပေမဲ့ စစ်ကိုင်းတိုင်းမှာ တော်လှန်ရေးအဖွဲ့တွေက ဒီလောက်တင်ပဲလားဆိုတော့ မဟုတ်ဘူး။ အများကြီးကျန်သေးတယ်။ ကျွန်တော်တို့မှာလည်း လတ်တလောမှာတော့ တော်လှန်ကာလမှာ ကျင်းပရတဲ့ ဖိုရမ်ဖြစ်တာကြောင့် ပြောရမယ်ဆိုရင် ဖိတ်ကြားရေးမှာ အားနည်းချက်ရှိတာ ဝန်ခံပါတယ်။

ဘာကြောင့်လဲဆိုတော့ ချိတ်ဆက်မှုအခက်အခဲရှိတယ်ဗျာ။ စစ်ကိုင်းတိုင်းမှာ အင်တာနက်လိုင်းပြတ်တောက်နေတဲ့ မြို့တွေ အများကြီးရှိတယ်။ ဖုန်းလိုင်းပါ မရတဲ့ မြို့တွေ ရွာတွေလည်း အများကြီးရှိတယ်။ ဆိုတဲ့အခါကျတော့ မြေပြင်အဖွဲ့တွေနဲ့ ချိတ်ဆက်ဖို့ အရမ်းခက်ခဲတယ်။ နောက်တစ်ခုက လုံခြုံရေးအရလည်းပဲ ပြည်သူတစ်ဦးတစ်ယောက်က ဘယ်တော်လှန်ရေးအဖွဲ့အစည်းမှာ ဘာတာဝန်ယူထားလဲဆိုတာ ရုတ်တရက် သိဖို့ခက်တယ်ဗျာ။

ဆိုတဲ့အခါကျတော့ ဘယ်သူက Key player၊ ဘယ်သူက Local Stakeholder လဲဆိုတာ ကျွန်တော်တို့တွေ လက်လှမ်းမီသလောက်ပဲ စစုစည်းတာပဲ ဖြစ်တယ်။ အဲဒီတော့ ဒီလောက်တင်ပဲလား ။ မင်းတို့ ၁၇၃ ဖွဲ့ကပဲ စစ်ကိုင်းတိုင်းကို ကိုယ်စားပြုနေတာလားဆိုတာမျိုး မဟုတ်ပါဘူးဗျာ။

အဓိကကတော့ ကျယ်ကျယ်ပြန့်ပြန့်ဆက်လုပ်ချင်တယ်။ ပထမအကြိမ်လုပ်တာဖြစ်တဲ့အတွက်ကြောင့် ရှိသလောက်နဲ့ စမယ်။ တစ်ဖက်ကလည်း All inclusive ကို လမ်းဖွင့်ထားတယ်။ အဓိကကတော့ စစ်ကိုင်းတိုင်းထဲမှာ ၁၀၀ ရာခိုင်နှုန်းအခြေစိုက်တဲ့ မည်သည့်အဖွဲ့ကို မဆို ကျွန်တောတို့ ချဉ်းကပ်သွားမယ်။ ကျွန်တော်တို့ ဖိုရမ်မှာ လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်သွားမယ်။ တစ်ဖက်ကလည်း လမ်းဖွင့်ထားတယ်။တစ်ဖက်ကလည်း လူစုံမယ်စမယ်ဆိုရင် ဘယ်တော့မှ ကျွန်တော်တို့ စုံမှာ မဟုတ်ဘူး။ ဆိုတော့ တစ်ဖက်ကလည်းရှိသလောက်နဲ့ စနှင့်မယ်။ တစ်ဖက်ကလည်း ထပ်ပြီးတော့ ဖိတ်ခေါ်သွားမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ စတင်ကျင်းပသွားမှာဖြစ်ပါတယ်။

မေး။ ။ အခုလက်ရှိတော်လှန်ရေးအဖွဲ့တွေကြားထဲမှာ ပေါင်းစပ်ပြီး‌တော့ ဆုံးဖြတ်ချက် ချနိုင်မယ့် တိုင်းအတိုင် ပင်ခံ ကောင်စီဆိုတဲ့အဖွဲ့အစည်းမျိုးကို တည်ထောင်မယ်ဆိုတော့ ကျွန်တော်တို့ ဒီ တိုင်းအတိုင်ပင်ခံကောင်စီဆိုတာဟာ ဘယ်တော့လောက်များ ဖြစ်လာနိုင်မလဲ။ ဘယ်လိုပုံစံမျိုးနဲ့ သွားမလဲ။ နောက်ပြီးတော့ ဒီဟာက ဗမာတိုင်းရင်း သားတော်လှန်ရေးတပ်ဖွဲ့ပုံစံမျိုး ဖြစ်လာနိုင်မလားခင်ဗျာ။

ဖြေ။ ။ အဲဒါနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ လက်ရှိတိုင်းပြည်မှာက စောစောကပြောသလို ပြည်နယ် ဘယ်နှခု တိုင်းဘယ်နှခု ဖက်ဒရယ်ယူနစ်ဘယ်နှခုနဲ့ ဖွဲ့စည်းမလဲ ဘယ်လူမျိုးစုတွေက ပြည်နယ်တွေ ယူကြမလဲ။ ဘယ်လူမျိုးစုတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ယူကြမလဲဆိုတဲ့ ကိစ္စတွေက စားပွဲဝိုင်းတွေ စကားဝိုင်းတွေမှာ တော်တော်လေး ငြင်းခုန်နေတဲ့ ကိစ္စတွေ ဖြစ်တယ်။

သို့သော် မြေပြင် တော်လှန်ရေအရှိတရားကလည်း စားပွဲဝိုင်းတွေ ငြင်းခုန်နေတာနဲ့ မတူဘူးဗျ။ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲနေတဲ့ တော်လှန်ရေး အရှိတရားကလည်း ပုံစံတစ်မျိုးဖြစ်တယ်ဗျ။ ဆိုတဲ့အခါကျတော့ ဥပမာ စစ်ကိုင်းဖိုရမ်။

စစ်ကိုင်းဆိုတဲ့ နာမည်ကို ကျွန်တော်တို့ ယူလိုက်တယ်။ ယူလိုက်တဲ့အခါမှာ တချို့ စိုးရိမ်ချက်တွေ ကျွန်တော်တို့ ကြားသိရပါတယ်။ စစ်ကိုင်းကို ယူလိုက်တဲ့အခါကျတော့ စစ်ကိုင်း ဖက်ဒရယ်ယူနစ်တစ်ခုအနေနဲ့ စပြီး ရည်မှန်းနေတာလား ။ ဒါဆိုရင် မကွေးကလည်း မကွေးကို ရည်မှန်းမယ်၊ ပဲခူးကလည်း ပဲခူးကို ရည်မှန်းမယ်ဆိုရင် အနာဂတ်မှာ နေဝင်းတို့လုပ်ခဲ့တဲ့ ပြည်နယ်နဲ့တိုင်း ၁၄ ခု ဆိုတဲ့ ဟာကြီးပဲ လက်ခံသဘောတူတာလားဆိုတဲ့ Concern တွေ ကျွန်တော်တို့ ကြားရပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စဉ်းစားချက်ကတော့ လက်တွေ့ကျတဲ့ စဉ်းစားချက်ပေါ့။ ကျွန်တော်တို့က တော်လှန်ရေးအရ နိုင်ငံရေးအရ စုစည်းကြတဲ့နေရာမှာ ကျွန်တော်တို့က Territory Base ကို အခြေမခံလို့မရဘူး။ ကျွန်တော်တို့ ဒီစောစောကပြောတဲ့ ကျွန်တော်ဆိုရင် မုံရွာသား အညာသားဖြစ်တယ်။ အညာဖိုရမ် အညာယူနစ်ဆိုရင် ပိုကြိုက်တာပေါ့။ ပိုဖြစ်ချင်တာပေါ့။ ဒါပေမဲ့ အညာဆိုတဲ့ identity က ဖမ်းဆုပ်ဖို့ခက်တယ်။

အညာ Territory က ဘယ်လောက်ရှိလဲ။ ဒါငြင်းနေတာနဲ့ ကျွန်တော်တို့ တော်လှန်ရေးက လှစ်ဟာသွားတယ်။ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့ ဖြစ်ချင်တဲ့ နှုန်းစံတွေက သပ်သပ်။ မြေပြင်မှာ ဖြစ်နေတဲ့ အရှိတရားက သပ်သပ်ဗျာ။ ဆိုတဲ့အခါကျတော့ အလုပ်လုပ်တဲ့အခါကျတော့ မြေပြင်အရှိတရားကို အခြေခံပြီး လုပ်ဆောင်ရတာရှိတယ်။

စစ်ကိုင်း Territory ကို အခြေခံပြီး‌တော့ စတင်ပြီးတော့ နိုင်ငံရေးအရ စုဖွဲ့မှသာ မြေပြင်မှာ လက်တွေ့လုပ်လို့ရတဲ့ အဖွဲ့အစည်းဖြစ်လာမယ်။ ဆိုတဲ့အခါကျတော့ ဒါကြောင့် ကျွန်တော်တို့က စစ်ကိုင်းဆိုတဲ့ နာမည်ကို ဆွဲကိုင်ခြင်းဖြစ်ပါတယ်။ နောက်ပိုင်းမှာ ပြည်နယ် ဘယ်နှခုရှိတယ် တိုင်း ဘယ်နှခုရှိတယ်ဆိုတဲ့ ကိစ္စကတော့ တော်လှန်ရေးအလွန်ကာလမှာ ကျွန်တော် အကူးအပြောင်းကာလတွေမှာ အခြေခံဥပဒေရေးဆွဲမယ့်လူတွေရဲ့ ကိစ္စဖြစ်ပါတယ်။

တစ်ခုရှိတာက အခြေခံဥပဒေဆိုတာကလည်း လူတိုင်းရေးဆွဲခွင့်ရှိတာမဟုတ်ဘူး။ ဘယ်သူတွေက ဘယ်ပြည်နယ် ၊ ဘယ်သူတွေက ဘယ်ဒေသမှာ နေမလဲဆိုတာ ဒီမိုကရေစီနည်းကျကျ စဉ်းစားမယ်ဆိုရင် ပြည်သူတွေ ကိုယ်တိုင် ရွေးချယ်တဲ့ ညီလာခံတွေက ဆုံးဖြတ်ရမှာဖြစ်တယ်။ ကျွန်တော်တို့တွေက သတ်မှတ်ပြဌာန်းပြီးတော့ နိုင်ငံရေးလိုင်းဆွဲတင်တာပေါ့။

ငါတို့ကတော့ ဘာပြည်နယ်၊ ဘာဒေသ ဘယ်လိုဟာကို သွားပါမယ်ဆိုပြီးတော့ နိုင်ငံရေး Head In တပ်ပြီးတော့ အဲဒီအောက်ကို ဆွဲသွင်းတာမျိုး ကျွန်တော်တို့ မဟုတ်ဘူး။ ကျွန်တော်တို့က လောလောဆယ်မှာတော့ လမ်းဆုံမှာ ရပ်ထားတဲ့ သဘောပဲဗျာ။ ဗမာပြည်နယ် ဖွဲ့ချင်လည်း ရတယ်။ မဖွဲ့ချင်လည်း ရတယ်။ ဖွဲ့တဲ့ ဘက်ကိုလည်း သွားလို့ရတယ်။ မဖွဲ့တဲ့ ဘက်ကိုလည်း သွားလို့ရတယ်ဆိုတဲ့ လမ်းဆုံမှာ ရပ်နေတဲ့ သဘောပဲ ရှိပါတယ်။ ဖိုရမ်မှာလည်းပဲ ဗမာပြည်နယ်၊ ဗမာလက်နက်ကိုင်ဆိုတဲ့ ဆွေးနွေးချက်မျိုး ဆွေးနွေးတာမျိုး မရှိပါဘူးဗျာ။

မေး။ ။ စစ်ကိုင်းဖိုရမ်ကို အမျိုးသားညီညွတ်ရေးအစိုးရက တရားဝင် သဝဏ်လွှာပေးပိုတယ်ဆိုတော့ ဒါက သီးခြား institution များ ဖြစ်လာမလား။ ဒါမှမဟုတ် ဘယ်လိုပုံစံမျိုး ‌ပြောလို့ရမလဲ။

ဖြေ။ ။ ဒါကတော့ အခုလောလောဆယ် နှစ်ပိုင်းပေါ့။ အခု စစ်ကိုင်းအတိုင်ပင်ခံကောင်စီ စသည်ဖြင့် စစ်ကိုင်းတိုင်းရဲ့ အစုအဖွဲ့ပေါ်ထွန်းလာရင် ကျွန်တော်တို့ရဲ့ စဉ်းစားချက်က တော်လှန်ရေးကာလအတွင်းမှာ ကြားကာလမှာ စဉ်းစားတာ ရှိတယ်။ တော်လှန်ရေးအလွန်ကာလကို မျှော်ရည်ပြီး စဉ်းစားတာရှိတယ်။

တော်လှန်ရေးကာလအတွင်းမှာ ကျွန်တော်တို့ ဘာတွေ ရှိနေလဲဆိုတော့ အခုလက်ရှိအခင်းအကျင်းအရဆိုရင် ပြည်ထောင်စုအဆင့်မှာ ဖက်ဒရယ် ပဋိဉာဉ်ကစလို့ NUG , NUCC စလို့ ပြည်ထောင်စုအဆင့် institution တွေ ရှိတယ်ဗျာ။

အဲဒီလိုပဲ ဒေသန္တရအဆင့်မှာ ဒေသန္တရ အုပ်ချုပ်ရေး၊ ဒေသန္တရလုံခြုံရေးဖော်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့က ကြားအလွှာဖြစ်တဲ့ တိုင်းအဆင့်မှာတော့ policy making body မရှိဘူးဗျာ။ မရှိတဲ့အခါကျတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ ဒေသန္တရအဆင့်မှာ ရပ်ကျေးအဆင့် ၊ မြို့နယ် အဆင့်မှာ ဖြစ်တဲ့ ပြဿနာတွေကို အချိန်နဲ့ တစ်ပြေးညီ ဖြေရှင်းနိုင်ဖို့ ကိစ္စမှာကျတော့ ပြည်ထောင်စုကို တင်ပြပြီ လုပ်နေရတဲ့ဟာက အများကြီး နှေင့်နှေးကြန့်ကြာမှု ကြုံရပါတယ်။

ဒါကြောင့်မို့လို့ ကျွန်တော်တို့က တော်လှန်ရေး ကာလအတွင်းမှာ တော်လှန်ရေး ခါးမပြတ်စေဖို့အတွက် ကျွန်တော်တို့က ကြားအလွှာတစ်လွှာ အထက်က ပြည်ထောင်စု Level မှာ ရှိနေတဲ့ အဖွဲ့အစည်းများရဲ့ မူဝါဒလမ်းညွှန်မှုကိုလည်း ခံယူမယ်။ ဒေသန္တရကိစ္စတွေမှာလည်း ပေါ်လစီ Making တစ်စုံတစ်ရာ လုပ်လို့ရတဲ့ ဘော်ဒီ တစ်ခုကို တိုင်းအဆင့်မှာ ကျွန်တော်တို့တွေ ဖော်ဆောင်ကြမယ်ဆိုရင်တော့‌ တော်လှန်ရေးရဲ့ အရွှေ့ကို ပိုပြီးတော့ မြန်ဆန်စေမယ်လို့ ယူဆပါတယ်။

ဒါက တော်လှန်ရေးကာလအတွင်းမှာ စဉ်းစားချက်။ နောက်တစ်ခုကကျတော့‌ တော်လှန်ရေးအလွန်ရောက်သွားကြရင် ကျွန်တော်တို့ ဖက်ဒရယ်ပြည်ထောင်စုကို သွားရမှာဖြစ်လို့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ပြည်နယ်တွေ အားလုံးစုစည်းထားတာ။ အဲဒီတော့ ကျွန်တော်တို့က ဘယ်ပြည်နယ် ဘယ်နေရာမှာ ပြည်သူတွေက ပါဝင်ချင်သလဲဆို‌တာ ပြည်သူတွေ ကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်တယ်။ ကျွန်တော်တို့က ဆုံးဖြတ်ရမှာ မဟုတ်ဘူး။

အဲဒီလို ပြည်သူတွေက ဆုံးဖြတ်တဲ့ နေရာမှာ လုံလောက်တဲ့ ရွေးချယ်မှု လုံလောက်တဲ့ အသိဉာဏ်ဗဟုသုတတွေ ကျွန်တော်တို့တွေက ဖြည့်ဆည်းပေးနိုင်ဖို့လိုတယ်ဗျ။ ဆိုတဲ့အခါကျတော့ ပြောရမယ်ဆိုရင် ပြည်သူတွေက ဘယ်ပြည်နယ်မှာ ဘယ်လို ဖက်ဒရယ်ကို တည်ထောင်ချင်သလဲဆိုတာကို အသင့် လုံလုံလောက်လောက် ရွေးချယ်နိုင်အောင် ကျွန်တော်တို့တွေက ကူညီပေးဖို့လိုတယ် အစီအမံတွေ ချပေးဖို့လိုတယ်ဗျ။ ဒါတွေကိုလည်း မျှော်ရည်ပြီးတဲ့အခါကျတော့ လောလောဆယ်မှာတော့ စစ်ကိုင်း Territory ကို အခြေခံတဲ့ အစုအဖွဲ့တစ်ခုနဲ့ စတင်ကြမယ်လို့ ကျွန်တော်တို့တွေ တိုင်ပင်ကြတာ ဖြစ်ပါတယ်။

မေး။ ။ အခု ဒီကြေညာချက်ထဲမှာ ပါတဲ့ ဟာတွေက ဘယ်တော့လောက်များစပြီးတော့ အကောင်အထည်ဖော်ဖို့ ဖြစ်လာနိုင်မလဲဗျ။

ဖြေ။ ။ ကျွန်တော်တို့ သွားချင်တဲ့ အတိုင်ပင်ခံ ကောင်စီက ။ ဒါက ဖိုရမ်မှာ ကျွန်တော်တို့ ဆွေးနွေးကြတာ မဟုတ်ဘူး။ အရင်တုန်းက ဖြစ်မြောက်ရေးအဖွဲ့အစည်းအဝေးတွေမှာ ဆွေးနွေးကြတဲ့ ကိစ္စတွေပါ။ အကယ်၍သာ တိုင်းအတိုင်ပင်ခံ ကောင်စီဆိုတာ ဖွဲ့စည်းနိုင်ခဲ့ရင် အဓိကက မြေပြင်မှာ စိုးမိုးထားတဲ့ De facto Power ရှိတဲ့ ခေါင်းဆောင်တွေ ပါစေချင်တယ်။

ပြည်သူကနေ ရွေးကောက်တင်မြှောက်ထားတဲ့ De Jure Power ရှိတဲ့ ပုဂ္ဂိုလ်များလည်း ပါစေချင်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ တိုင်းမှာလည်း တိုင်းအထက်ပိုင်းမှာလည်း တခြားဌာနေတိုင်းရင်းသားတွေ ဗမာမဟုတ်တဲ့ တခြားတိုင်းရင်းသားတွေ ရှိတော့ ဌာနေတိုင်းရင်းသား လူမျိုး နိုင်ငံရေး အင်အားစုလည်း ပါဝင်စေချင်တယ်။ အကြမ်းအားဖြင့်တော့ ကျွန်တော်တို့က အဲဒီ သုံးချိုးနဲ့တော့ အချိုးကျပါဝင်သင့်တယ်လို့ ကျွန်တော်တို့ အကြမ်းအားဖြင့် ဆွေးနွေးထားတာ ရှိပါတယ်။

ရှိတဲ့အခါကျတော့ လောလောဆယ်မှာတော့ အဲဒီ ပုံသဏ္ဍာန် အဲဒီ Model ဖြစ်လာဖို့ ကျွန်တော်တို့ ဆက်လက်ချဉ်းကပ်ရမယ့် အဖွဲ့အစည်းတွေကို ချဉ်းကပ်နေပါတယ်။ ဖိုရမ်ဆိုတာကတော့ ကျွန်တော်တို့က အကျယ်ပေါ့။ အကျယ် တိုက်ရိုက် ဒီမိုကရေစီ ကျင့်သုံးပြီးတော့ အများဆန္ဒကို ယူလိုက်တာပေါ့။ ဟုတ်ပြီ အများဆန္ဒရလာပြီဆိုရင် ဒီ အများဆန္ဒကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့အတွက်က ဖိုရမ်လုပ်ငန်းအဖွဲ့က အကျဉ်းပြန်ချုပ်ပြီးတော့ သက်ဆိုင်ရာ Key Player တွေကို ချဉ်းကပ်ရမှာ ဖြစ်တယ်။ လောလောဆယ်မှာတော့ ကျွန်တော်တို့တွေ ချဉ်းကပ်ဆောင်ရွက်နေဆဲ ကာလလို့ ပြောလို့ရပါတယ်ခင်ဗျာ။

မေး။ ။ အခုဆိုရင် တော်လှန်ရေးကလည်း ၂ နှစ်ကျော်လာပြီဆိုတော့ စစ်ကိုင်းရဲ့ နောက်ဆုံးအခြေအနေကိုလည်း အစ်ကို သိသလောက်လေး ကျွန်တော်တို့ကို ပြောပြပေးစေချင်ပါတယ်။ နောက်ပြီးတော့ ဒီ စစ်အုပ်ချုပ်ရေးကြေညာပြီးတဲ့ နောက်ပိုင်း စစ်ကောင်စီဘက်က ပိုပြီတော့ ကြမ်းကြမ်းတမ်းတမ်းရက်စက်လာတဲ့အပေါ် တော် လှန်ရေးအဖွဲ့တွေရဲ့ စုဖွဲ့ပြီး တုံ့ပြန်နိုင်တဲ့ အခြေအနေတွေကိုလည်း အစ်ကို့အနေနဲ့ သုံးသပ်ပေးပါဦးခင်ဗျာ။ အစ်ကို ဘယ်လိုများ မှတ်ချက်ပြုချင်ပါသလဲ။

ဖြေ။ ။ သေချာတာကတော့ ရန်သူက ထိုးစစ်ကြီးကြီးမားမားတွေ ကျွန်တော်တို့ဆီမှာ မလုပ်နိုင်တော့ပါဘူး။ မြေပြင်မှာ တပ်ပြောင်း တပ်ရွှေ့ကိစ္စတွေ ၊ မဖြစ်မနေ ရိက္ခာပို့ရတဲ့ ကိစ္စတွေမှာပဲ မြေပြင်မှာ သူတို့ လှုပ်ရှားတာရှိတယ်။ ကျန်တာကတော့ အဓိက သူတို့ စိုးမိုးထားတဲ့ နေရာတွေမှာ ခံစစ်ပြင်ပြီးတော့ အထိုင်နေကြတာ ရှိတယ်။ လေကြောင်းအားသာမှုကို ဒီနှစ်ပိုင်းမှာ ပိုပြီး အသုံးချလာတာ ရှိတယ်။

ဒါကတော့ နောက်ဆုံး စစ်ရေးအခြေအနေပါ။ ကျွန်တော်တို့ဘက်ကလည်း အရင်ကထက် စာရင် ပိုပြီးတော့ စုဖွဲ့လာကြတာ ရှိတယ်။ ပိုပြီးတော့ စစ်ပုံကျလာတာတွေ ရှိတယ်။ ဒါ တော်လှန်ရေးဘက်က အစုအဖွဲ့တွေကတော့ ။ သို့သော်ငြားလည်း ကျွန်တော်တို့မှာလည်း စိန်ခေါ်မှုတွေ ရှိတယ်။

နောက်ဆုံး ပြည်သူ ပါဝင်မှုကစလို့ ပြည်သူရဲ့ တော်လှန်ရေးမှာ စိတ်အားထက်သန်မှုက ကျွန်တော်တို့ယုံမှား သံသယရှိစရာမလိုဘူး ခင်ဗျာ။ သို့သော်ငြားလည်း ဘယ်လောက်ပဲ စိတ်အားထက်သန်သည်ဖြစ်စေ ပြည်သူမှာ Resources တွေ တောင့်တင်းဖို့ လိုတယ်ဗျာ။ Resources တွေက အခု ကျေးလက်က ပြည်သူတွေက စစ်ဘေးရှောင်နေရတဲ့ အတွက် သူတို့ရဲ့ ကျွဲနွားတိရစ္ဆာတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်း မရှိတော့ဘူး။ ကောက်ပဲသီးနှံတွေ အချိန်မီ မစိုက်နိုင်တာတွေ ရှိတယ်။ စိုက်ပြီးတော့လည်း အချိန်မီ မရိတ်သိမ်းနိုင်တာတွေ ရှိတယ်ဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် Resources တွေ ဆုံးရှုံးနေတာတော့ ရှိတယ်။

တော်လှန်ရေးတောက်လျှောက်မှာ ကျွန်တော်တို့တွေ ပြောကြတာက ပြည်သူတွေ ကူကြပါ ကူကြပါပေါ့။ တကယ်တမ်းကျတော့ ပြည်သူလည်း ကူတယ်။ သို့သော်ငြားလည်း ပြည်သူလည်း ပန်းလာပြီဆိုတဲ့ အခါကျတော့ တော်လှန်ရေးအဖွဲ့အစည်းတွေကရော ပြည်သူကို ဘယ်လို ကူကြမလဲဆိုတဲ့ဟာကို ပြန်စဉ်းစားဖို့လည်း သင့်ပြီလို့ ကျွန်တော်ထင်ပါတယ်။ ဒါကတော့ဗျာ လက်ရှိအခြေအနေမှာဆိုရင် ကုလသမဂ္ဂတို့ အာဆီယံတို့မှာ မြန်မာနိုင်ငံရဲ့ … နဲ့ ပတ်သက်လို့ ကူညီပေးဖို့ သူတို့ ပြင်ဆင်နေကြတာ ရှိပါတယ်။

အဲဒီလိုပဲ ပေးချင်တဲ့ လူကလည်း ရှိတယ် မြေပြင်မှာလည်း လိုအပ်နေတဲ့ လူက ရှိတယ်။ သို့သော်ငြားလည်း နိုင်ငံတကာအကူအညီဆိုတာကလည်း နိုင်ငံတကာစံညွှန်းသတ်မှတ်ချက်နဲ့ ကိုက်ညီမှ ပေးလို့ရတာ ဖြစ်လို့ ဒီအကူအညီတွေကို ကျွန်တော်တို့ စစ်ကိုင်းက ပြည်သူတွေဆီကို ရောက်လာဖို့အတွက်ကတော့ တော်လှန်ရေးသမားတွေက တံခါးဖွင့်ပေးနိုင်ဖို့ လိုမယ်ထင်ပါတယ်။

ဒါကြောင့်မို့လို့လည်း ကျွန်တော်တို့က ဒီ စစ်ရှောင်ကူညီရေးနဲ့ပတ်သက်တဲ့ ပြည်သူတွေကို Energy ပြန်ဖြည့်ပေးနိုင်ဖို့ ကိစ္စတွေနဲ့ပတ်သက်လို့လည်း ကျွန်တော်တို့ ဒီ စစ်ကိုင်ဖိုရမ်မှာ စစ်ရှောင်ကူညီရေးရာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးနိုင်ခဲ့ကြတာတွေ ရှိပါတယ်ခင်ဗျာ။

မေး။ ။ အခုပြုလုပ်ခဲ့တဲ့ စစ်ကိုင်းဖိုရမ် ဆွေးနွေးပွဲအောင်မြင်မှုအခြေအနေကိုရော အစ်ကို့အနေနဲ့ ဘယ်လိုများ သုံးသပ်ချင်ပါသလဲ။ နောက်တစ်ခုက အစုအဖွဲ့တွေကြား ပွတ်တိုက်မှုတွေ ဖြစ်မလာအောင် ဘယ်လိုပုံစံမျိုးတွေနဲ့ စုစည်းထားလဲဆိုတာလည်း ကျွန်တော်တို့ကို ဝေမျှပေးပါဦး ခင်ဗျာ။

ဖြေ။ ။ အဲဒါကျတော့ ကျွန်တော်တို့ ပထမအကြိမ်ဖိုရမ်မှာ အရမ်းကြီး သဘောတူ ဆုံးဖြတ်တာမျိုး မလုပ်ခဲ့ဘူး။ ဘုံအရ သဘောထားစုစည်းတာမျိုးပဲ လုပ်ခဲ့တယ်။ ကဏ္ဍလေးရပ်မှာ ဆွေးနွေးကြတဲ့အကြောင်းအရာတွေ အနှစ်ချုပ် အကြောင်းအရာတွေ မှတ်တမ်းတင်ထားတာ ရှိပါတယ်။

ဒါတွေကလည်း ဒုတိယအကြိမ်မှာ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ပြီးတော့ အဲဒီမှာ အသစ်တိုးလာမယ့် တော်လှန်အင်အားစုတွေရဲ့ သဘောထားတွေ အမြင်တွေနဲ့ ပေါင်းစပ်ပြီးမှ သဘောတူချမှတ်တဲ့ အဆင့်ကို သွားမှာ ဖြစ်တယ်။ ကျွန်တော်တို့က ပထမအကြိမ်မှာ ရှိတဲ့လူနဲ့စ လက်ဦးပြီးတော့ ဒီလို ဒီလို သဘောတူထားပါတယ်ဆိုတာမျိုးလည်း ဖြစ်မှာ စိုးတဲ့အတွက်ကြောင့် အရမ်းကြီးတော့ Detail ကျကျ ဖိုရမ်ကနေ ချတာ မရှိဘူး။

သို့သော်ငြားလည်း ဒီပထမအကြိမ် ဖိုရမ်သည် နံပါတ် ၁ အချက်က စုစည်းလာနိုင်တယ်။ ကျွန်တော်တို့ ဒီဖြစ်မြောက်ရေးအဖွဲ့ က စလုပ်တဲ့အချိန်မှာလည်း နိုင်ငံရေးအရ ထိုးနှက်မှုတွေ ရှိတယ်ဗျာ။ တစ်စင်ထောင်တာလား နှစ်စင်ထောင်တာလားပေါ့ ဆိုတာမျိုးတွေ ရှိတဲ့အခါကျတော့ ကျွန်တော်တို့တွေလည်း ပြောရမယ်ဆိုလို့ရှိရင် လုပ်ရတဲ့အပေါ်မှာ အရဲစွန့်ပြီးလုပ်ခဲ့ရတာမျိုးတွေ ရှိတယ်။

ပါဝင်ပူးပေါင်းချင်တဲ့ အဖွဲ့တွေကလည်း ဟုတ်မှ ဟုတ်ပါ့မလားပေါ့။ ဒါက ဘယ်လိုဟာကို သွားနေတာလဲဆိုတာစတဲ့ စိုးတထိတ်ထိတ်နဲ့ မပူးပေါင်းရဲသေးတဲ့ အင်အားစုတွေ ရှိတယ်ဗျာ။ ဒါပေမဲ့ အခုအချိန်မှာတော့ ကျွန်တော်တို့ သွားချင်တဲ့ လမ်းကြောင်းသည် Federal Democracy Charter က ပေးထားတဲ့ အတိုင်းပဲ မူဝါဒအတိုင်းပဲ ခံယူပြီးတော့ တိုင်းအဆင့် Level ကို ဖော်ဆောင်တာ ဖြစ်တယ်ဆိုတဲ့အခါကျတော့ ဒီ သဘောထားကို ကျွန်တော်တို့ဘက်က ပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်းပြောလိုက်တဲ့အချိန်မှာ လက်ရှိ ဒီတော်လှန်ရေးရဲ့ ဦးဆောင်အဖွဲ့အစည်းတွေ NUG , NUCC တို့ကလည်း သဝဏ်လွှာပေးဖို့ပြီးတော့ ဖိုရမ်ကို အသိအမှတ်ပြုတာမျိုးတွေ လုပ်လာတယ်ဆိုတဲ့အခါမှာ တိုင်းတွင်းက အဖွဲ့တွေ အနေနဲ့ကလည်း ယုံယုံကြည်ကြည် ကျွန်တော်တို့ ဖိုရမ်ကို ပူးပေါင်းရဲလာတယ်။

ခုနောက်ပိုင်းမှာလည်း နောက်တစ်ကြိမ်ကျရင် ကျွန်တော်တို့ကို ဖိတ်ပါဆိုပြီး ဆက်သွယ်ပြောဆိုလာတဲ့ အင်အားစုတွေလည်း အများကြီးရှိလာတဲ့အခါကျတော့ ပထမတစ်ကြိမ်ကတော့ အခုလိုမျိုး official လမ်းကြောင်းတစ်ခုကို စတည်လိုက်နိုင်တယ်ဆိုတာကိုက Forum ရဲ့ အောင်မြင်မှုလို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။ နိုင်ငံရေးကိစ္စရပ်တွေ တစ်တိုင်းလုံးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေ ချက်ချင်းသဘောတူချမှတ်နိုင်ဖို့ကတော့ အချိန်စောသေးတယ်လို့ ကျွန်တော်တို့ကတော့ သုံးသပ်ပါတယ်ခင်ဗျာ။

မေး။ ။ နောက်တစ်ခုကတော့ ကျွန်တော်တို့ ဒီစစ်ကိုင်းဖိုရမ်ရဲ့ နောက်ဆုံး ဘုံရည်မှန်းချက်ဖြစ်တဲ့ ဒီ ဖက်ဒရယ်ပြည်ထောင်စုပေါ်လာဖို့ဆိုရင် ဒီ institution ကြီး ပီပီပြင်ပြင်ပေါ်လာမယ့် အချိန်က ဘယ်တော့လောက်များ ဖြစ်လာနိုင်မလဲခင်ဗျ။ အစ်ကို့ဘယ်လိုများ မှတ်ချက်ပြုချင်ပါသလဲ ။

ဖြေ။ ။ ကျွန်တော်တို့ တတ်နိုင်သမျှ အမြန်ဆုံးဖြစ်အောင်ကြိုးစားမှာပါ ခင်ဗျာ။ ဘာကြောင့်လဲဆို‌တော့ စစ်ကိုင်းတိုင်းက နစ်နာရတာတွေ ခံစားရတာတွေကလည်း ကျွန်တော်တို့က များတယ်။ နေ့စဉ်နဲ့အမျှ လူတွေလည်း သေနေတယ်။ ရွာတွေလည်း ကျေနေတယ်ခင်ဗျာ။ ဒီအခြေအနေကြီးမှာ ကျွန်တော်တို့ဘက်က ကြန့်ကြာလေလေ ပြည်သူနာလေလေဆိုတာကိုတော့ ကျွန်တော်တို့ သဘောပေါက်ပါတယ်။ ဘယ်အချိန်ကာလအတော်အတွင်းမှာ အကောင်အထည်ဖော်နိုင်မလဲဆိုတာကတော့ ကျွန်တော်တို့ ဒီ ချဉ်းကပ်ဆောင်ရွက်တဲ့အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပွဲရလဒ်တွေရဲ့ အဖြေအပေါ်မှာလည်း မူတည်မယ်လို့ ထင်ပါတယ်ခင်ဗျာ။

မေး။ ။ နောက်ဆုံးအနေနဲ့ လက်ရှိမှာ စစ်ကောင်စီကို ပြတ်ပြတ်သားသားတော်လှန်နေတဲ့ စစ်ကိုင်းတိုင်းက စစ်ကိုင်းဖိုရမ်အနေနဲ့ ကျွန်တော်တို့ ဒီ ပြည်တွင်း ပြည်ပမှာ ရှိတဲ့ မြန်မာပြည်သူတွေကိုရော ဘယ်လိုသတင်စကားများ ပါးခဲ့ချင်ပါသလဲခင်ဗျာ။

ဖြေ။ ။ အဓိကကတော့ဗျာ ကျွန်တော်တို့တွေက ပြည်ထောင်စုကို တည်ထောင်တဲ့အခါမှာ ပြည်နယ်တွေ အားကောင်းမှ ပြည်ထောင်စုအားကောင်းမယ်ဆိုတဲ့ စဉ်းစားချက် ရှိတယ်ဗျ။ အဲဒီတော့ နံပါတ် ၁ ကတော့ ကိုယ်နေတဲ့ နေရာ ကိုယ်နေတဲ့ ဒေသကို အရင်စိုးမိုးနိုင်အောင် လုပ်တာက အခြေခံကျမယ် ထင်ပါတယ်။

လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ဆိုရင်လည်း ဒီအခြေခံကနေ စပြီးတော့ ဆောင်ရွက်နေတာ တွေ့ရတယ်ခင်ဗျာ။ အဲဒီတော့ ကျွန်တော်တို့ စစ်ကိုင်းတိုင်းကလည်း တခြားအကြီးကြီးတွေ အသာထား ၊ ကျွန်တော်တို့ နေရာ၊ ကျွန်တော်တို့ တိုင်းမှာ ရှိတဲ့ အကြမ်းဖက်စစ်တပ်ကို အရင်တိုက်ထုတ်နိုင်ဖို့ လိုတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေ ကျွန်တော်တို့ တည်ဆောက်ချင်တဲ့ ကျွန်တော်တို့ ဒေသကို အခုကတည်းက ပုံဖော်ရဖို့ လိုတယ်ဗျ။

ဒါကြောင့်မို့လို့ ဒါက ဖက်ဒရယ်ပြည်ထောင်စုကို အောက်ခြေကနေ စပြီး တည်ဆာက်နေတာ ဖြစ်တယ်ဆိုတော့ မြန်မာ့သမိုင်းမှာတော့ ဒီလိုမျိုး Coming Together ပုံစံမျိုးနဲ့ အောက်ခြေကနေ စပြီးတော့ တည်ဆောက်တဲ့ နိုင်ငံရေးနည်းနာက အသစ်တော့ ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါကြောင့် စစ်ကိုင်းဖိုရမ်သည် ကျွန်တော်တို့ တော်လှန်ရေးရဲ့ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကို သွားတဲ့နေရာမှာ ခြေလှမ်းအသစ်သမိုင်းစာမျက်နှာအသစ်လည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်ဗျ။

အဲဒီလိုပဲ အခြားဒေသက တိုင်းရင်းသားဒေသတွေရော အခြားတိုင်းနဲ့ ပြည်နယ်က တော်လှန်ရဲဘော်တွေကို ကျွန်တော်တို့က ဒီနေရာကနေ အကြံပြုချင်တာက နံပါတ် ၁ က ကိုယ့်နေရာ ကိုယ့်ဒေသကို ခိုင်ခိုင်မာမာဖြစ်အောင် အရင်ဆုံးတည်ဆောက်ပါ ။ ဒါက ကျွန်တော်တို့က ခွဲထွက်ဖို့လည်း မဟုတ်ဘူး တစ်စင်ထောင်ဖို့လည်း မဟုတ်ဘူး။ ကိုယ့်နေရာ အားရှိပြီဆိုမှ အခြားနေရာက ရဲဘော်တွေကို ကူညီနိုင်မှာဖြစ်တယ်ပေါ့ဗျာ။ ဒါကတော့ လက်တွေ့ကျတဲ့ စဉ်းစားချက်ဖြစ်မယ်လို့ ကျွန်တော့်အနေနဲ့ Message ပေးချင်ပါတယ် ခင်ဗျာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article