30 C
Yangon

နိုင်ငံတကာ ကူညီကယ်ဆယ်ရေးများနှင့် လူမှုအဖွဲ့အစည်းများအားလုံးကို မုန်တိုင်းသင့် ရခိုင်ပြည်အတွင်း သွားလာခွင့်နှင့် ကူညီခွင့် စစ်ကောင်စီ ရပ်ဆိုင်း

Must read

နိုင်ငံတကာ ကူညီကယ်ဆယ်ရေးများနှင့် လူမှုအဖွဲ့အစည်းများအားလုံးကို မုန်တိုင်းသင့် ရခိုင်ပြည်အတွင်း သွားလာခွင့်နှင့် ကူညီခွင့် စစ်ကောင်စီ ရပ်ဆိုင်း

ရန်ကုန်၊ ဇွန် ၈

နိုင်ငံတကာကူညီကယ်ဆယ်ရေး အဖွဲ့များနှင့် ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများအားလုံးကို ဇွန် ၈ ရက်နေ့မှ စ၍ သွားလာခွင့်များနှင့် ကူညီခွင့်များအားကို စစ်ကောင်စီက ရပ်ဆိုင်းလိုက်ကြောင်း ပြည်နယ်အတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ ပြောဆိုချက် အရ သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီမှ အဖွဲ့သို့ ရည်ညွှန်း ပါစာများဖြင့် ဆောင်ရွက်ရန် ခွင့်ပြုထားရှိသော ခရီးသွားလာခွင့်များအား ဇွန် ၇ ရက်နေ့မှစ၍ ရပ်ဆိုင်းထားရန် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ လက်မှတ်ဖြင့် အကြောင်းကြားစာတွင် ဖော်ပြထားသည်။

မိတ္တူကို တိုင်းမှူး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းမြို့၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စစ်တွေမြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံး ၊ စစ်တွေမြို့ ကွပ်ကဲရေးမှူး၊ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲရေးအဖွဲ့မှူးရုံး (ကျီးကန်းပြင်)၊ မောင်တောမြို့ တပ်ဖွဲ့ခွဲမှူး၊ သတင်းရဲတပ်ဖွဲ့၊အမှတ် (၁၂) တပ်ဖွဲ့ခွဲမှူးရုံး၊ စစ်တွေမြို့ ကွပ်ကဲရေးမှူး၊ အမှတ်(၄) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၊ စစ်တွေမြို့ ဥက္ကဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ (စစ်တွေ၊ အမ်း) စသည်များ ပါရှိသည်။

ယခု ဇွန် ၈ ရက်နေ့မှ စ၍ သွားလာခွင့်များအား စစ်ကောင်စီက ရပ်ဆိုင်းလိုက်ကြောင်း ပြည်နယ်အတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့များအား အကြောင်း ကြားလာကြောင်း အမည်မဖော်လိုသည့် ရခိုင်မှ လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခု၏ ခေါင်းဆောင်သူတစ်ဦးက ပြောသည်။

“ICRC တို့ ပြီးတော့ WFP တို့ရယ်၊ ရခိုင်မှာ ရှိတဲ့ လူမှုကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့အစည်းအားလုံးပါတယ်။ ဒီနေ့ စပြီး ဌာနဆိုင်ရာတွေကို ဖုန်းဆက်လာပါတယ်။ ကျနော်တို့အပါအဝင်ပေါ့လေ။ ထွေအုပ်ကတစ်ဆင့် ဖုန်းဆက်ပါတယ်။ သွားလာခွင့်တွေမပြုတော့ဘူး။ ကူညီကယ်ဆယ်ခွင့်တွေ မပေးတော့ဘူးဆိုပြီးတော့ ပြောပါတယ် “ဟုပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း မွတ်ဆလင်များ အပါအဝင် ဒေသခံပြည်သူ သေဆုံးသူ ၁၄၆ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၀ ဦးနှင့် ပျောက်ဆုံးသူ ၃ ဦးရှိသည့်အပြင် လူ တစ်သန်းနှစ်သိန်းကျော်မှာ ထိခိုက်နစ်နာဆုံးရှုံးခဲ့၍ လူနေအိမ် ၂၁၆၀၀၀ ကျော် ပျက်စီးမှုရှိကြောင်း မေလ နောက်ဆုံးအပတ်က ရက္ခိုင့်တပ်တော် ULA/AA က ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ စစ်ကောင်စီက နိုင်ငံတကာအဖွဲ့အစည်းများနှင့် ရခိုင်မှ လူမှု ကယ်ဆယ်ရေးအဖွဲ့များ သွားလာခွင့်ကို ပိတ်ပင်လိုက်ခြင်းသည် ရခိုင်ပြည်သူများအဖိုးများ များစွာ ဒုက္ခရောက်နိုင်ကြောင့် နောက်ထပ် လူမှုအဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။

“ဒီလို သွားလာခွင့်တွေကို စစ်ကောင်စီက ကန့်သတ် ပိတ်ပင်လိုက်တာဟာ ရခိုင်ပြည်သူတွေအတွက်ဆိုရင် ဒုက္ခနှစ်ထပ်ကွင်း ခံစားရရတယ်လို့ ပြောချင်တယ်။ တစ်ဖက်မှာ ပြည်သူတွေအတွက် လှူဒါန်းဖို့ ဆန်ရိက္ခာတွေရှိတယ်။ ဒါတွေကို ပြည်နယ်အစိုးရက ရပ်တန့်လိုက်တယ်ဆိုတာက အကြောင်း မရှိဘဲ ရပ်တန့် လိုက်တာဖြစ်တယ်။ ဒါက ပြည်သူတွေကို ပိုပြီးတော့ ဒုက္ခရောက်စေတယ်။ အခုဆိုရင် မိုးရွာပြီး အမိုးအကာတွေတောင် မလုံသေးဘူး။ အစားအစာတွေက မရှိသေးဘူး။ အခုအချိန်မှာ ဒီလို ရပ်ခိုင်းတယ်ဆိုတာကတော့ ရခိုင်ပြည်သူတွေက အစိုးရအပေါ်မှာ လုံးဝယုံကြည်မှုတွေ ပျက်သွားနိုင်တယ်။ နဂိုကတည်းကလည်း ယုံကြည်မှုမှ မရှိတာကိုး”ဟုပြောသည်။

နိုင်ငံတစ်ဝန်းတွင် မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသများရှိ လူဦးရေ ၈၀၀,၀၀၀ ထံသို့ သုံးလစာအရေးပေါ် စားနပ်ရိက္ခာနှင့် ငွေသားအထောက်အပံ့ကို ပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က မေလ ၃၁ ရက်နေ့က ထုတ်ပြန်ထားသည်။

အမည်မဖော်လိုသည့် လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက “ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီက သွားလာခွင့်တွေ ပေးထားတာပေါ့။ ဒါကို အခု ရပ်ဖို့အတွက် နေပြည်တော်က တိုက်ရိုက်ညွှန်ကြားတဲ့စာဖြစ်တယ်။ မနေ့ကစပြီးတော့ အဖွဲ့အစည်းတွေကို ရပ်ဆိုင်းထားဖို့ ဖုန်းဆက်ပြောနေတာပေါ့။ ခရီးသွားလာခွင့်မပေးရင် ကူညီကယ်ဆယ်လို့ မရတော့ဘူးပေါ့”ဟုပြောသည်။

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFPနှင့် မိတ်ဖက်အဖွဲ့အစည်းများမှာ အကူအညီလိုအပ်နေသူများအား လျင်မြန်ဆောင်ရွက်ပေးနေခြင်းကြောင့် ရိက္ခာများလျော့နည်းလာသည့်အတွက် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပံ့ပိုးအကူအညီများ လိုအပ်နေကြောင်း WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က ပြောဆိုထားသည်။

WFP အနေဖြင့် ရခိုင်ပြည်အတွင်း စားနပ်ရိက္ခာအထောက်အပံ့များသည် ကျောက်တော်၊ ကျောက်ဖြူ၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်များနှင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့ ဆက်လက် ပံ့ပိုးနိုင်လည်း ဆောင်ရွက်နေချိန်တွင် စစ်ကောင်စီက ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ် ပြောခွင့်ရ ဦးလှသိန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပေ။

(Western News-WN သည် ရန်ကုန်​ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article