37 C
Yangon

ပဲခူးတိုင်းတွင် စစ်တပ်အတွက် ထောက်/ပို့ လမ်းကြောင်း ဖြစ်နေသည့် စစ်တောင်းမြစ်ကူးတံတား(နတ်သံကွင်း)နှင့် ထန်းတပင် နတ်ရွာတံတားတို့ကို မိုင်းခွဲလိုက်သဖြင့် တံတား ၂ စင်းလုံး ကျိုးကျ ပျက်စီး

Must read

ပဲခူးတိုင်းတွင် စစ်တပ်အတွက် ထောက်/ပို့ လမ်းကြောင်း ဖြစ်နေသည့် စစ်တောင်းမြစ်ကူးတံတား(နတ်သံကွင်း)နှင့် ထန်းတပင် နတ်ရွာတံတားတို့ကို မိုင်းခွဲလိုက်သဖြင့် တံတား ၂ စင်းလုံး ကျိုးကျ ပျက်စီး

ရန်ကုန်၊ ဇွန် ၆

ပဲခူးတိုင်းတွင် စစ်တပ်အတွက် ထောက်/ပို့ လမ်းကြောင်း ဖြစ်နေသည့် စစ်တောင်းမြစ်ကူးတံတား(နတ်သံကွင်း)နှင့် ထန်းတပင် နတ်ရွာတံတားတို့ကို မိုင်းခွဲလိုက်သဖြင့် တံတား ၂ စင်းလုံး ကျိုးကျ ပျက်စီးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၅ ရက်နေ့နှင့် ဇွန်လ ၆ ရက်နေ့တို့တွင် KNU တပ်မဟာ ၂နှင့် တပ်မဟာ ၃ နယ်မြေထဲသို့ ကျူးကျော် ဝင်ရောက်နေသည့် စစ်ကောင်စီ၏ ဆက်သွယ်ရေး ထောက်ပို့လမ်းဖြစ်သော ထန်းတပင်မြို့နယ် နတ်ရွာတံတားနှင့် အဓိက တံတားဖြစ်သော စစ်တောင်းမြစ်ကူးတံတား(နတ်သံကွင်း) ဖျက်ဆီးရှင်းလင်းလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ “ရိုးမ” BPDF-Yoma က တရားဝင် သတင်းထုတ်ပြန်ထားသည်။

“ဒီတံတားတွေကနေ စစ်ကားတွေ အဝင်အထွက် အမြဲလုပ်ပြီး ကျောက်ကြီးဘက်နဲ့ မုန်းဒေသ၊ နတ်သံကွင်းနယ်မြေ တစ်ကြောလုံးကို စစ်ခွေး ယာဉ်တန်းတွေ သွားလာနေတာ။ အဲဒါကြောင့် ဒီတံတားတွေကို ရှင်းလင်းတာလို့ သုံးသပ်လို့ရတယ်” ဟု နတ်သံတွင်းဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်- ပဲခူးတိုင်းမှ ရဲဘော်တချို့ကလည်း စစ်တောင်းမြစ်ကူးတံတား(နတ်သံကွင်း) ကို မိုင်းဆွဲတိုက်ခိုက်ရာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ပြောဆိုသည်။

“တိုက်ပွဲ အသေးစိတ်တော့ သက်ဆိုင်ရာက ထုတ်ပြန်မှာပါ။ ကျနော်တို့ ပြောနိုင်တာက မစ်ရှင်တွေက အရမ်းကို ခက်ခက်ခဲခဲ အန္တရာယ်တွေကြားက လုပ်ရတာပါ။ ဒီနေ့ တိုက်ပွဲတွေဖြစ်တဲ့အပြင် လေယာဉ်နဲ့ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာတွေကို မနည်းရှောင်ရှားရတယ်။ တိုက်ပွဲလည်း ပြင်းထန်တယ်” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောဆိုသည်။

ဇွန်လ ၆ ရက်နေ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း နယ်မြေတိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ “ရိုးမ” BPDF-Yoma ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article