30 C
Yangon

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ထိထိရောက်ရောက် ပိတ်ဆို့အရေးယူပေးပါ

Must read

ရေနံထဲမှာ သွေးတွေ ရောနေတယ်၊ ဓာတ်ငွေ့ထဲမှာ ဝိဉာဉ်တွေ မျောနေတယ်၊

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ထိထိရောက်ရောက် ပိတ်ဆို့အရေးယူပေးပါ

By လမ်းသစ်

�တိုင်းပြည် ချောက်ထဲကျမှာစိုးလို့ အကြိမ်ကြိမ် ကယ်တင်နေရပါတယ်ဆိုပြီး ချောက်ကမ်းပါးအစွန်းမှာ တိုင်းပြည်ဘဏ္ဍာတွေကို စားသောက်နေတဲ့ အာဏာသိမ်း မြန်မာစစ်အုပ်စုဟာ တကယ်တော့ ပြည်သူတွေရဲ့ သွေးနဲ့ အသက်ဆက်နေကြတာပါ။

�သူတို့ကို ဆန့်ကျင်တဲ့ ပြည်သူတွေကို လက်နက်ကြီးတွေနဲ့ပစ်တယ်၊ လေယာဉ်တွေနဲ့ ဗုံးကြဲတယ်.. ဒါတွေအတွက် ဖက်ဆစ် မြန်မာစစ်တပ်ဟာ ဘဏ္ဍာငွေတွေ အများကြီး သုံးစွဲနေကြပါတယ်။

ဒါကြောင့် အာဏာရှင် စစ်တပ်ကို တော်လှန်ဖို့အတွက် သူတို့ရဲ့ ဝင်ငွေစီးဆင်းမှု လမ်းကြောင်း ရေသောက်မြစ်တွေကို ဖြတ်တောက်ပစ်ရမှာပါ။

အကြမ်းဖက် စစ်တပ်မှာ ဝင်ငွေလမ်းကြောင်းတွေ အများကြီးရှိနေတဲ့အထဲက မြန်မာ့ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ဟာ နိုင်ငံခြားဝင်ငွေ အများဆုံးရှာပေးတဲ့ လုပ်ငန်းဖြစ်ပြီး ဓာတ်ငွေ့ဟာ မြန်မာနိုင်ငံ ပို့ကုန်အားလုံးရဲ့ ၂ဝ ရာခိုင်နှုန်း ဖြစ်ပါတယ်။

�မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့မှာ စီမံကိန်းကြီး ၄ခုရှိပါတယ်။ မုတ္တမပင်လယ်ကွေ့မှာ ရတနာ၊ ရဲတံခွန်နဲ့ ဇောတိက သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်မှာ ရွှေ သဘာဝဓာတ်ငွေ့လုပ်ငန်း ဖြစ်ပါတယ်။

�ရတနာ၊ ရဲတံခွန်နဲ့ ဇောတိက က ထွက်တဲ့ သဘာဝဓာတ်ငွေ့ ၈ဝ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံကို တင်ပို့ရောင်းချနေပြီး ၂ဝ ရာခိုင်နှုန်းကို ပြည်တွင်းမှာ အသုံးချပါတယ်။ ရွှေ သဘာဝဓာတ်ငွေ့လုပ်ငန်းက ထွက်တဲ့ ဓာတ်ငွေ့ ၈ဝ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကို ရောင်းချနေပြီး ၂ဝ ရာခိုင်နှုန်းကို ပြည်တွင်းမှာ အသုံးပြုပါတယ်။

အဲ့ဒီ ၂ဝ ရာခိုင်နှုန်းဆိုတာဟာလည်း စစ်တပ်ပိုင်လုပ်ငန်းတွေနဲ့ ခရိုနီစီးပွားရေးလုပ်ငန်းကြီးတွေ လည်ပတ်ဖို့သာ အဓိက ဖြစ်နေတာပါ။

�MOGE ကဏ္ဍမှာ လူရမ်းကား မင်းအောင်လှိုင်တို့ စစ်အုပ်စုကို ပိုက်ဆံအများဆုံး ပေးနေတာကတော့ ထိုင်းအစိုးရ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ PTT ကုမ္ပဏီရဲ့လက်ခွဲကုမ္ပဏီဖြစ်တဲ့ PTT Exploration & Production (PTTEP) ပဲ ဖြစ်ပါတယ်။

�PTTEP ဟာ ရေနံနဲ့သဘာဝဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်း ၄ ခုထဲက ရတနာ၊ ရဲတံခွန်နဲ့ ဇောတိက စီမံကိန်းတွေမှာ ပါဝင်လုပ်ကိုင်နေပြီး (၂ဝ၂၁ ခုနှစ်မှာ ဒေါ်လာ ၄၅၈.၉ သန်း၊ ၂ဝ၂၂ ခုနှစ်မှာ ဒေါ်လာသန်း ၁ဝဝဝ ခန့်) နှစ်စဉ် မြန်မာစစ်တပ်ကို ဒေါ်လာသန်းပေါင်း များစွာ ပေးချေနေတာပါ။

�အကြီးမားဆုံး ရတနာ ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ကွက်ဟာ မြန်မာ့သဘာဝဓာတ်ငွေ့ တင်ပို့မှုရဲ့ ၄ဝ ရာခိုင်နှုန်းရှိပါတယ်။ အဲ့ဒီစီမံကိန်းကနေ ပြင်သစ်ကုမ္ပဏီ Total နဲ့ အမေရိကန်ကုမ္ပဏီ Chevron တို့ ထွက်ခွာသွားတာကြောင့် ထိုင်းနိုင်ငံ PTTEP နဲ့ စစ်အုပ်စုရဲ့ MOGE တို့သာ ကျန်နေခဲ့တာပါ။

�၂ဝ၂၂ ခုနှစ် ဒုတိယလေးလပတ် ကာလအတွင်း MOGE ရဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ သန်း ၈ဝဝ ကျော်အထိ ရှိခဲ့ပြီး အဲ့ဒီဝင်ငွေရဲ့ ရာခိုင်နှုန်းအများစုဟာ PTTEP က အော်ပရေတာအဖြစ် လုပ်ကိုင်နေတဲ့ ရတနာ သဘာဝဓာတ်ငွေ့ လုပ်ကွက်ကနေ ရရှိတာ ဖြစ်ပါတယ်။

�ဒါကြောင့် ရတနာ ကမ်းလွန်လုပ်ကွက်က အကျိုးအမြတ်တွေကို စစ်ကောင်စီ လက်အောက်ခံ MOGE ဆီ ခွဲဝေပေးမှုကို ရပ်ဆိုင်းထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က PTTEP ကုမ္ပဏီဆီ တရားဝင် တောင်းဆိုစာ ပို့ထားပေမယ့် ကုမ္ပဏီဘက်က အကြောင်းပြန်လာခြင်း မရှိသေးပါဘူး။ တောင်းဆိုစာအတိုင်း လိုက်လျောမှုမရှိရင် NUG အနေနဲ့ PTTEP ကို နိုင်ငံတကာဥပဒေအရ စင်ကာပူနိုင်ငံ အနုညာတ ခုံရုံးမှာ တရားစွဲမယ်လို့ ပြောဆိုထားပါတယ်။

�သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု လုပ်ဆောင်နေသူတွေကလည်း မြန်မာနဲ့ ထိုင်းနိုင်ငံက ပြည်သူတွေ ပူးပေါင်းပြီး PTTEP ကို ဝိုင်းဝန်းဖိအားပေးနေကြသလို မြန်မာပြည်တွင်းက သူတို့ရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ PTT အင်ဂျင်ဝိုင်အမျိုးမျိုး၊ PTT ဆီဆိုင်တွေနဲ့ Café Amazon တို့ကို သပိတ်မှောက်ကြဖို့ တိုက်တွန်းထားပါတယ်။

�နောက်ထပ် ကျန်ရှိနေတဲ့ ရွှေ သဘာဝဓာတ်ငွေ့စီမံကိန်းကိုတော့ တောင်ကိုရီးယားကုမ္ပဏီ POSCO က အော်ပရေတာအဖြစ် လုပ်ကိုင်နေတာပါ။

�ဖက်ဆစ် စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှု တွေကြောင့် ပြင်သစ်ကုမ္ပဏီ Total ၊ အမေရိကန် Chevron ၊ သြစတြေးလျ Woodside နဲ့ မလေးရှား Petronas တို့လို ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေး နိုင်ငံတကာ ကုမ္ပဏီကြီးတွေဟာ မြန်မာနိုင်ငံကနေ ထွက်ခွာသွားတာကြောင့် ထိုင်းနိုင်ငံ PTTEP နဲ့ တောင်ကိုရီးယားနိုင်ငံ POSCO တို့သာ အဓိက နိုင်ငံခြားကုမ္ပဏီတွေအဖြစ် ကျန်ရစ်နေခဲ့တာ ဖြစ်ပါတယ်။

�လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ငွေကြေးထောက်ပံ့နေလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ကမ္ဘာ့အကြီးဆုံး နော်ဝေ ရန်ပုံငွေအဖွဲ့ဟာလည်း PTT နဲ့ PTTOR ကုမ္ပဏီ ၂ခုရဲ့ ရှယ်ယာရှင်အဖြစ်ကနေ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာမှာ နှုတ်ထွက်ခဲ့ပါတယ်။

�POSCO က အော်ပရေတာအဖြစ် လုပ်ကိုင်ပြီး တရုတ်နိုင်ငံကို တင်ပို့ရောင်းချတဲ့ ရွှေ သဘာဝကမ်းလွန် လုပ်ကွက်ကနေ MOGE အတွက် အကျိုးအမြတ်တွေကလည်း ဥရောပသမဂ္ဂ EU ရဲ့ အရေးယူ ပိတ်ဆို့မှုကြောင့် စစ်ကောင်စီထံ မစီးဆင်းတော့ဘဲ သီးကြား အကောင့်တစ်ခုမှာ ထိန်းသိမ်းခံထားရတယ်လို့ NUG က ပြောထားပါတယ်။ အဲ့ဒီ ပမာဏက ကန်ဒေါ်လာ သန်း ၂ဝဝ နီးပါး ရှိတယ်လို့ သိရပါတယ်။

�နိုင်ငံခြားကုမ္ပဏီတချို့ ပြန်ထွက်သွားတာတွေနဲ့ အရေးယူပိတ်ဆို့မှုတချို့ ရှိပေမယ့် အမေရိကန်ကတော့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE အပေါ် Sanction မချမှတ်သေးပါဘူး။

�ဒီအတွက် တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေပေါင်းပြီး ပြည်တွင်းပြည်ပမှာ ဝိုင်းဝန်းတောင်းဆိုနေကြပေမယ့် အမေရိကန်ဘက်ကတော့ မြန်မာနဲ့ ထိုင်းနိုင်ငံတွေမှာ လျှပ်စစ်မီး ပြတ်တောက်သွားမှာ စိုးရိမ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ MOGE အပေါ် Sanction မချမှတ်တာလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

�တကယ်တမ်း မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်ကို အဓိက အသုံးပြုပြီး လျှပ်စစ်မီး ပေးနေတာကြောင့် နွေရောက်လာလေလေ ရေခမ်းပြီး မီးပြတ်လေလေ ဖြစ်နေတာပါ။ သန်းခေါင်ထက် ညဉ့်မနက်တော့တဲ့ မြန်မာပြည်သူတွေအတွက်ကတော့ အမေရိကန်ရဲ့ အကြောင်းပြချက်က ရယ်စရာဖြစ်နေပါတယ်။

�ထိုင်းနိုင်ငံမှာလည်း လျှပ်စစ်မီး ပိုလျှံနေတဲ့အတွက် အမေရိကန်အနေနဲ့ MOGE ကို Sanction မချတာဟာ မဟာမိတ် ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေတာဖြစ်တယ်လို့ တချို့က သုံးသပ်ကြပါတယ်။

�မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE အပေါ်မှာ နိုင်ငံတကာရဲ့ အရေးယူမှုတချို့ တွေ့ရပေမယ့် ထိရောက်လုံလောက်မှု မရှိသေးတာကြောင့် လူသတ်ကောင် မင်းအောင်လှိုင်တို့ စစ်အုပ်စုဟာ ဒီလုပ်ငန်းတွေကနေ နိုင်ငံခြားဝင်ငွေ များစွာ ရရှိနေဆဲဖြစ်ပါတယ်။

�MOGE လို လုပ်ငန်းကနေ ဝင်ငွေအလုံးအရင်း ဝင်ရောက်နေလို့လည်း ဘဏ္ဍာငွေတွေ ကုန်ချင်တိုင်းကုန်ဆိုပြီး ပြည်သူကို အကြမ်းပတမ်း ပစ်ခတ်ရမ်းကားနေနိုင်တာပါ။

�MOGE က ထွက်လာတဲ့ ရေနံတွေထဲမှာ ပြည်သူတွေရဲ့ သွေးတွေ ရောနှောနေပါတယ်၊ သဘာဝဓာတ်ငွေ့တွေထဲ နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားသူတွေရဲ့ ဝိဉာဉ်တွေ စီးမျောနေပါတယ်။

လူသားချင်းစာနာရင် ဒီမိုကရေစီကို တန်ဖိုးထားပါတယ်ဆိုတဲ့ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ထိထိရောက်ရောက် ပိတ်ဆို့အရေးယူဖို့ လိုအပ်သလို၊ စစ်တပ်နဲ့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေတဲ့ နိုင်ငံများအနေနဲ့လည်း ၄င်းတို့ရဲ့ လုပ်ငန်းအားလုံးကို အမြန်ဆုံး ရပ်ဆိုင်းကြဖို့ လိုပါတယ်။

NUG အပါအဝင် မြန်မာ့အရေး တက်ကြွလှုပ်ရှားနေတဲ့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေအနေနဲ့လည်း မဟာဗျူဟာကျကျ ပူးပေါင်းကာ MOGE ကို ပိတ်ဆို့အရေးယူနိုင်ရေး ဖိအားပေး အရှိန်မြင့် လုပ်ဆောင်သင့်ပြီဖြစ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article