30 C
Yangon

မြ၀တီမြို့နယ်တွင် ၃ ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၉ ဦး သေဆုံးပြီး တပ်ရင်းမှူး ၁ ဦး အပါအဝင်အများအပြားဒဏ်ရာရ

Must read

မြ၀တီမြို့နယ်တွင် ၃ ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၉ ဦး သေဆုံးပြီး တပ်ရင်းမှူး ၁ ဦး အပါအဝင်အများအပြားဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၃

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း ၃ ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၉ ဦးသေဆုံးပြီး တပ်ရင်း မှူး ၁ ဦးအပါအဝင် အများအပြားဒဏ်ရာရရှိကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

KNU တပ်မဟာ ၆ နယ်မြေတွင် မေလ ၂၉ ရက်နေ့ ၊ မေလ ၃၀ ရက်နေ့နှင့် ဇွန်လ ၁ ရက်နေ့တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သော တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း ၁ ၊ ကော်ဘရာစစ်ကြောင်း ၂ ၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle ၊ Federal Wings ၊ ရောင်နီ တို့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ တပ်မ ၄၄၊ မ ၂ ၊ ခလရ ၂၇၅ ၊ ခမရ ၃၅၅ ၊ လ ၈ ၊ BGF၁၀၁၉ တပ်ရင်း၊ ခမရ ၁၁၈ ၊ သင်္ကန်းညီနောင်ဗျူဟာ တပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မေလ ၂၉ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် စစ်ကောင်စီက ကာကင်းယူထားသော နယ်မြေကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ပစ်ခတ်ခဲ့ရာ ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးခဲ့ပြီး ၁၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီးများ၊ ဒရုန်းများအသုံးပြု၍ ပစ်ကူပေးသဖြင့် တော်လှန်ရေး ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မေလ ၃၀ ရက်နေ့တွင် စစ်တပ်က လက်နက်ကြီးပစ်ကူများ၊ ဒရုန်းပစ်ကူများ အသုံးပြုပြီး တော်လှန်ရေးတပ်ဖွဲ့များလုံခြုံရေးယူထားသော နယ်မြေကို ထပ်မံစစ်ကြောင်းထိုး၍ ဝင်ရောက်ရန်ကြိုးစားခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့ကြောင့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရကာ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၁ ရက်နေ့တွင် ထပ်မံ၍ စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့များ၏ နယ်မြေကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးပစ်ခတ်ခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် စစ်တပ်ဘက်မှ ခမရ ၁၁၈ တပ်ရင်းမှူး ၁ ဦး အပါအဝင် ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article