26 C
Yangon

ရန်ကုန် PDF တပ်ရင်း ၅၁၀၁ တည်ထောင်သော ကြေညာချက်ကြောင့် စစ်ကောင်စီက ရန်ကုန်တစ်တိုင်းလုံးကို လုံခြုံရေးတပ်လှန့်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ရဲစခန်း ပစ်ခတ်ခံရမှုကြောင့် ရဲစခန်းအားလုံး ကင်းပုန်းများ ၂၄ နာရီ အပြည့်ချ

Must read

ရန်ကုန် PDF တပ်ရင်း ၅၁၀၁ တည်ထောင်သော ကြေညာချက်ကြောင့် စစ်ကောင်စီက ရန်ကုန်တစ်တိုင်းလုံးကို လုံခြုံရေးတပ်လှန့်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ရဲစခန်း ပစ်ခတ်ခံရမှုကြောင့် ရဲစခန်းအားလုံး ကင်းပုန်းများ ၂၄ နာရီ အပြည့်ချ

ရန်ကုန်၊ ဇွန် ၃

ရန်ကုန်တိုင်း PDF တပ်ရင်း ၅၁၀၁ တည်ထောင်သော ကြေညာချက်ကြောင့် စစ်ကောင်စီက ရန်ကုန်တစ်တိုင်းလုံးကို လုံခြုံရေးတပ်လှန့်ထားကြောင်း ရန်ကုန်စစ်ဘက်သတင်းရင်းမြစ်များက ပြောသည်။

ဇွန်လ ၁ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ ပထမဆုံးတပ်ရင်းအဖြစ် တပ်ရင်း ၅၁၀၁ ကို တည်ထောင်ဖွဲ့စည်းကြောင်း တရားဝင် ကြေညာခဲ့သည်။

“ရဲစခန်းတွေ၊ ဘန်ကာတွေမှာ လုံခြုံရေးအရ အမြဲတမ်း အသင့်ပြင်ထားဖို့ နှုတ်မိန့် ညွှန်ကြားချက်တွေ ထွက်ပါတယ်။ နောက်တစ်ခါ ဧည့်စာရင်းစစ်တာတွေပိုလုပ်ဖို့နဲ့ ရန်ကုန်အဝင်အထွက်တွေကို အရင်ထက်ပိုပြီး တင်းတင်းကျပ်ကျပ်စစ်ဖို့ စီမံချက်တွေ ထွက်ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေဆီကိုလည်း မသင်္ကာတာရှိရင် ချက်ချင်း အရေးယူ တန်ပြန်ဆောင်ရွက်ဖို့တွေလည်း ဖုန်းဆက် အမိန့်ပေးတာတွေ ရှိပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ရပ်ကွက်အုပ်ချုပ်ရေးရုံးများကို အကာအရန် အတားအဆီးများ ပိုမိုပြုလုပ်ရန်၊ တပ်ရင်းတပ်ဖွဲ့များတွင် ၂၄ နာရီ လုံခြုံရေး အပြည့်ထားရှိရန်၊ တပ်ရင်းတပ်ဖွဲ့များတွင် ဒရုန်းဖြင့် ဗုံးကျဲမှုများကို တန်ပြန်ရေး ဒရုန်းပစ်ချသည့် လက်နက်များဖြင့် အသင့်ပြင်ထားရန်၊ အဝေးထိန်းမိုင်းဖြင့် ဗုံးခွဲမှုများ တန်ပြန်နိုင်ရေး ဖုန်းလိုင်းဆက်သွယ်ရေး ဖြတ်တောက် စက်များ ပိုမို တပ်ဆင်ရန် အပါအဝင် လုံခြုံရေး ဦးစားပေး အစီအမံများ ဆောင်ရွက်ရန်လည်း စစ်တပ်က အမိန့် ပေးညွှန်ကြားနေကြောင်း သိရှိရသည်။

ဇွန်လ ၂ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် ဒဂုံမြိုသစ်(ဆိပ်ကမ်း)မြို့နယ်၊ မြို့မရဲစခန်းကို လမ်းမပေါ်မှ ကားတစ်စီးဖြင့် မိုင်း ၂ လုံး ပစ်သွင်းသွားပြီး လက်နက်များဖြင့်လည်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ၊ ရဲစခန်းဘက်ကလည်း လာရောက်ပစ်ခတ်သည့်ကားကို လိုက်လံပစ်ခတ်ခဲ့ကြောင်း ဒေသပြည်သူများက ပြောသည်။

“ဗုံးကွဲပြီးတာနဲ့ ဆက်တိုက်ပစ်သံကြားရတာ။ ရဲစခန်းကို ဗုံးလာပစ်တာကို ရဲတွေက အထဲမှာ ကင်းချထားတော့ ချက်ချင်းပြန်ပစ်တာ။ ဗုံးကွဲတာနဲ့ ပြန်ပစ်တာက စက္ကန့်ပိုင်းတောင် မခြားဘူး။ ချက်ချင်းရဲစခန်းဘက်က ပြန်ပစ်တာ”ဟု ဖြစ်စဉ်ကို သိရှိထားသူ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် အမျိုးသားရေး အစွန်းရောက် တင့်လွင်နှင့် လီလီနိုင်ကျော်တို့ ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် အတွက် အမျိုးသားရေးသမားများ၊ စစ်မှုထမ်းဟောင်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကို လုံခြုံရေး ဂရုစိုက်ရန် စစ်ကောင်စီဘက်က ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်မြို့ လမ်းဆုံမှ ဘန်ကာတစ်ခုနှင့် သဲအိတ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article