31 C
Yangon

ဝက်လက်မြို့နယ်၊ နဘဲကျေးရွာသား မောင်လှစိုးအောင်ကို စစ်တပ်က ခေါင်းဖြတ်သတ်ပြီး အလောင်းကို မီးရှို့ဖျောက်ဖျက်၊ ကျေးရွာကိုပါ မီးတင်ရှို့ မှု အိမ်ခြေ ၁၀၀ ကျော်ပြာကျ

Must read

ဝက်လက်မြို့နယ်၊ နဘဲကျေးရွာသား မောင်လှစိုးအောင်ကို စစ်တပ်က ခေါင်းဖြတ်သတ်ပြီး အလောင်းကို မီးရှို့ဖျောက်ဖျက်၊ ကျေးရွာကိုပါ မီးတင်ရှို့ မှု အိမ်ခြေ ၁၀၀ ကျော်ပြာကျ

ရန်ကုန်၊ ဇွန်၃

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ နဘဲကျေးရွာသား မောင်လှစိုးအောင်ကို စစ်တပ်က ခေါင်းဖြတ်သတ်ပြီး အလောင်းကို မီးရှို့ဖျောက်ဖျက်ကာ ကျေးရွာကိုပါ မီးတင်ရှို့လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၃ ရက်နေ့ နံနက် ၁၁ နာရီအချိန် စစ်တပ်စစ်ကြောင်းက ရွှေဘိုခရိုင်၊ဝက်လက်မြို့နယ်၊နဘဲပင်လှကျေးရွာကို ‌ဝင်ရောက်ခဲ့ပြီး ကျေးရွာသား ၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် အဆိုပါ ကျေးရွာနေ အသက် ၂၂ နှစ်အရွယ် မောင်လှစိုးအောင်ကို ဦးခေါင်းဖြတ်သတ်ကာ အလောင်းကို မီးတင်ရှို့ကြောင်း၊ ထို့နောက် နဘဲကျေးရွာကိုပါ မီးတင်ရှို့ခဲ့ကြောင်း သိရှိရသည်။

ဝက်လက်မြို့နယ်၊ နဘဲပင်လှကျေးရွာတွင် လူသတ် မီးရှို့ခဲ့သည့် စစ်ကြောင်းတွင် အင်အားတစ်ရာကျော်ပါဝင်ပြီး ‌စစ်ကြောင်းထိုးရာလမ်းတစ်လျှောက်ရှိ ပြည်သူအများအပြားကို ဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်သွားကြောင်း၊ ထို့ကြောင်း ဒေသကာကွယ်ရေးတပ်များက အရပ်သားများကို ထိခိုက်မည်စိုးရိမ်၍ စစ်ကြောင်းကို တိုက်ခိုက်ခြင်းမပြုဘဲ လွှတ်ပေးခဲ့ရကြောင်း သိရှိရသည်။

“စခတွေက ဝက်လက်ကနေ မေလ ၃၁ ရက်ကနေ့ စစ်ကြောင်းစထိုးလာတာ။ ကြိုတင်ပြင်စဉ်ချိန်တွေအများကြီးရတယ်။ မိုင်းကွင်းတွေလည်း ကြိုခင်းထားတယ်ဗျ။ဒါပေမဲ့ဗျာ ခွေးတွေက အရပ်သားတွေဖမ်းလာပြီး လူသားဒိုင်းလုပ်လာလို ကျွန်တော်တို့ ဘာမှမလုပ်ရဘဲနောက်ဆုတ်ခဲ့ရတယ်။ ခွေးတွေက စစ်ကြောင်းရှေ့ကမလာဘဲ ဖမ်းလာတဲ့ ဓါးစာခံတွေကို ရှေ့ကနေ လူသားဒိုင်းလုပ်လာတော့ နောက်ဆုတ်ခဲ့ရတယ်။ အဲဒါကနေ နဘဲပင်လှကျေးရွာကို နံနက်ခင်း ၁၁ ခွဲမှာ ရွာထဲဝင်ပြီးမီးရှို့တယ်။ နောက်ပြီး အသက်၂၂ နှစ်သာရှိသေးတဲ့ မောင်လှစိုးအောင်ကို ခေါင်းဖြတ်သတ်ပြီး မီးရှို့ထားတဲ့အိမ်‌ထဲထည့် အလောင်းဖျောက်မီးရှို့ထားခဲ့ တယ်ဗျ။ အသက်၆၅နှစ်အရွယ်ဦးကျော်ဝင်းကတော့ ကြောက်လန့်ထွက်ပြေးတာကို သေနတ်နဲ့ပစ်လို့ ပေါင်ကျည်ထိမှန်တယ်။ စခတွေရွာကိုမီးရှို့လိုလောင်သွားတာက အိမ်ခြေ အတော်များမီးလောင်ပြာကျသွားတယ်။ကျွန်တော်တို့ ပြည်သူကာကွယ်ရေးစခန်းတစ်ခုလည်း စီနင်းခံရပြီး မီးရှို့ခံလိုက်ရသေးတယ်ဗျ။ဆုံးရှုံးတာကတော့ ထုတ်လုပ်ရေးသုံးပစ္စည်းနဲ့မီးစက်တွေဆုံးရှုံးတယ်”‘ ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့အတူ ဝက်လက်မြို့နယ်၊ နဘဲပင်လှကျေးရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၃ ရက်နေ့တွင် ဝင်ရောက် စီးနင်းမီးရှို့ခဲ့ပြီး ဘုန်းကြီးကျောင်း ၂ ဆောင်နှင့် စာသင်ဆောင် ၁ ဆောင်အပါအဝင် နေအိမ် ၁၀၀ ကျော်ပြာကျခဲ့ကြောင်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ဟကော်မတီထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်၏ မီးရှို့ ဖျက်ဆီးခဲ့သည့် ဘုန်းကြီးကျောင်းဆောင် ၂ ဆောင်သည် ကြားကာလပညာရေးအတွက် ကလေးများကို ပညာသင်ကြားပေးနေသော ကျောင်းများ ဖြစ်ပြီး ဘုန်းကြီးကျောင်းများ၊ စာသင်ဆောင်များ အားလုံး မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူပိုင် နေအိမ် ၁၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးနေမှုကြောင့် ကျေးရွာနေ ပြည်သူ အများအပြား ထွက်ပြေး တိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေကာ ကူညီပါဝင် လှူဒါန်းလိုသော အလှူရှင်များ အနေဖြင့် ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၏ Facebook စာမျက်နှာကို ဆက်သွယ် စုံစမ်း လှူဒါန်းနိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article