ခင်ဦးတွင် စစ်တပ်က စစ်ကြောင်းထိုးနေ၍ မိုးဦးရာသီကာလ ကျေးရွာ ၄ ခုမှ ပြည်သူ ၂၅၀၀ ကျော် ထွက်ပြေးနေရ
ရန်ကုန်၊ ဇွန် ၉
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးနေ၍ မိုးဦးရာသီကာလ ကျေးရွာ ၄ ခုမှ ပြည်သူ ၂၅၀၀ ကျော် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်တွင် ယမန်နေ့ ဇွန်လ ၈ ရက်နေ့မှ ရေဦးမှ ထွက်လာသည့် စစ်တပ်စစ်ကြောင်းက ခင်ဦးသံဘိုရွာကို စစ်ကြောင်းထိုးလာတာကြောင့် အနီးအနား ပတ်ဝန်းကျင် ကျေးရွာ ၄ ခုမှ ဒေသခံ၂၅၀၀ကျော် စစ်ဘေးရှောင်နေရကြောင်း၊ အဆိုပါ စစ်ကြောင်းက ညအချိန်နှင့် နံနက်အစောပိုင်းအချိန်တွင် ကျေးရွာများအတွင်းသို့ ဝင်ရောက် ပစ်ခတ်နေကြောင်း သိရှိရသည်။
“မိုးကလည်း ရွာနေတာ နေ့တိုင်းဖြစ်နေတယ်။ စစ်ကြောင်းကလည်း ရွာတွေမှာ လူစုံတဲ့ညအချိန်မှာပဲ ၀င်ရောက်ပစ်ခတ်တာမို့ အခုလိုစစ်ကြောင်းရှောင်နေရတယ်။ မရှောင်လို့လည်းမရဘူး။ စစ်တပ်က ရွာထဲတွေ့တဲ့သူအကုန်လုံးကို ဖမ်းဆီးရိုက်နှက်ကြတယ်။ အထူးသဖြင့် ယောင်္ကျားလေးတွေဆိုရင် ရိုက်တာက သေအောင်ကို ရိုက်တာ။ သေအောက်ကိုရိုက်တာဆိုတော့ မပြေးချင်လည်း ပြေးရတယ်။ စစ်တပ်က ခင်ဦးအရှေ့တောင်ခြမ်းဘက်နေ သံဘိုရွာတောင်ဘက် ရွှေမိုးညိုဘုရားနားကို ပထမစစ်ကြောင်းထိုးတယ်။အဲဒီကနေ G1 ဘုရားကနေ တဆင့်လက်နက် ကြီးတွေနဲ့ ရေအေးကုန်းရွာဘက်ကို ပစ်ခတ် ဝင်ရောက်လာတယ်” ဟု ခင်ဦးဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ခင်ဦးမြို့နယ်တွင် စစ်ကြောင်း ၀င်ရောက်လာသော သံဘို ရွာ၊ချောင်းဆုံရွာ၊ ကျီးကန်ရွာ၊ရေအေးကုန်းရွာ စသည့် ကျေးရွာ ၄ ရွာမှ ဒေသခံ ၂၅၀၀ ကျော် စစ်ကြောင်းရှောင်နေရပြီး အကူအညီများစွာ လိုအပ်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်တပ် စစ်ကြောင်းထိုး၍ ထွက်ပြေးနေရသည့် ပြည်သူများ။ (ယခုနှစ်အတွင်း ရိုက်ကူး ထားသော ပုံဖြစ်သည်။)