27 C
Yangon

မြင်းမူ၊ တောချောင်းဦးရွာ ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စခန်းမှူးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၉ ဦးသေဆုံး

Must read

မြင်းမူ၊ တောချောင်းဦးရွာ ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စခန်းမှူးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၉ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၉

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ တောချောင်းဦးရွာ ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ရာ စခန်းမှူး အပါအဝင် စစ်သားနှင့် ရဲ ၉ ဦးသေဆုံးခဲ့ကြောင်း Black Eagle Defence Force-MMU အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၆ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်ခန့်က စတင်ကာ မြင်းမူမြို့နယ်၊ တောချောင်းဦးရွာ နယ်မြေ ရဲစခန်းကို PDF မဟာမိတ် တပ်ပေါင်းစုများမှ ဝေဟင်၊ မြေပြင် ပူးပေါင်းပြီး ဒရုန်း ဗုံးသီးများ၊ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နံနက် ၄ နာရီ ၁၇ မိနစ်ခန့််တွင် တောချောင်းဦးရွာ ရဲစခန်းအတွင်းရှိ ဘန်ကာ ၉ လုံးမှ ၅ လုံးကို ဖြိုအပြီး စခန်းကို အပြီးအသတ် ဝင်ရောက် သိမ်းပိုက်ရန် ပြုလုပ်စဥ် တံတားဦးလေတပ်မှ MIG-29 Jet Fighter ၁ စီးဖြင့် Bomb ၃ လုံးကျဲချကာ လေကြာင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ၄၅ မိနစ်ခန့် ပျံဝဲပေးနေသောကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စခန်းမှူးအပါအဝင် စစ်သားနှင့် ရဲ ၉ ဦး သေဆုံးကာ ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ PDF တပ်ပေါင်းစုဘက်မှ ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက လေကြောင်းနဲ့ တိုက်ခိုက်လို့ တောချောင်းဦးရွာ စာသင်ကျောင်း ထိခိုက်ပျက်စီးမှုရှိတယ်။ တိုက်ပွဲအတွင်း စခန်းမှူးအပါအဝင် စစ်ခွေးနဲ့ ရဲခွေး ၉ ကောင်သေဆုံးတယ်” ဟု Black Eagle Defence Force-MMU အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)၊ Black Eagle Drone Force-MMU (Black Eagle Drone တပ်ခွဲ)၊ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ T.G.R Women Drone force၊ ကျောက်ဆည်ခရိုင် တပ်ရင်း(၂)၊ Youth Revolution Attack Force (YRAF)၊ မြင်းမူလျှပ်စီး ပျောက်ကြားတပ်ဖွဲ့၊ Delta Force တောင်သာ၊ မန္တလေးခရိုင်တပ်ရင်း(၅) တပ်ခွဲ(၂) MN PDF(မြစ်ငယ်)၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့(ငါန်းဇွန်)၊ Ah Nyar Myay Special Commando Defense Force၊ Brave Heart Army (Monywa)နှင့် Myinmu Local Defence Force စသည့် ညီနောင် မဟာမိတ် ၁၃ ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Photo – တောချောင်းဦးရွာ ရဲစခန်းကို ဒရုန်းဖြင့် ရိုက်ကူးထားသည့် မြင်ကွင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article