ဖားကန့်မြို့ရှိ နေအိမ် ၁ လုံးကို စစ်တပ်က ပစ်ခတ် စီးနင်းမှု ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ဖမ်းဆီးခံရ
ရန်ကုန်၊ ဇွန် ၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အေးမြသာယာအုပ်စု၊ ဆန်းကြွယ်မှော်တောင်ရွာရှိ နေအိမ် ၁ လုံး ကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်စီးနင်းခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကာ ၂ ဦးဖမ်းဆီးခံရကြောင်း ဖားကန့်မြို့နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အင်အား ၃၀ ခန့်ဖြင့် အကြမ်းဖက် စစ်တပ်က ဆန်းကြွယ်မှော်တောင်ရွာရှိ ကိုသိန်း နေအိမ်ကို ပစ်ခတ် ဝင်ရောက်စီးနင်းကာ အိမ်ပိုင်ရှင် ကိုသိန်း၊ ကိုမြင့်လွင်နှင့် ကိုမောင်အေး တို့ကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးမှုအတွင်း ကိုမောင်အေးသည် ထွက်ပြေးခဲ့သော်လည်း အကြမ်းဖက်စစ်တပ်က ပစ်ခတ် ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့ကြောင်း၊ ကျန် ၂ ဦးကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ် ဆောင်သွားခြင်း မသိရသဖြင့် မိသားစုဝင်များမှာ စိတ်ပူနေကြောင်း သိရသည်။
“မနေ့က ၄ နာရီလောက်မှာ ဆန်းကြွယ်မှော်တောင်းရွာမှရှိတဲ့ ကိုသိန်းရဲ့နေအိမ်ကို စစ်ကောင်စီ တပ်ဖွဲ့ ဝင် အယောက် ၃၀ လောက် သေနတ်တွေနဲ့ဝင်လာပြီးတော့ ပြည်သူ ၃ ဦးကို ဖမ်းသွားတယ်။ ဖမ်းခံရတဲ့ လူတွေက အိမ်ပိုင်ရှင် ကိုသိန်းရယ်၊ နောက်တစ်ခါ ကိုမြင့်လွင်ရယ်၊ နောက်တစ်ယောက်က ကိုမောင် အေးရယ် ၃ ယောက် ဖမ်းတာ။ ကိုမောင်အေးက ထွက်ပြေးတဲ့အချိန် သေနတ်နဲ့ ပစ်ခံရတာ ပစ်ခံရလို့ လဲကျသွားပြီး သေဆုံးသွားတယ်။ ရုပ်အလောင်းကိုကားပေါ်ကို တင်ခေါ်သွားတယ်၊ သူတို့ကို လောလောဆယ်တော့ ဘယ်နေရာကို ဖမ်းခေါ်သွားလဲမသိဘူး။ မိသားစုဝင်တွေ ဆွေးမျိုး တွေက စိတ်ပူနေကြတယ်၊” ဟု ဖားကန့်မြို့နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။