ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်ရှောင်တဲများ ထိခိုက်ပျက်စီး
ရန်ကုန်၊ ဇွန် ၁၁
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၀ ရက်နေ့ ညပိုင်းတွင် လက်နက်ကြီးဖြင့် ၃ ချက်ပစ်ခတ်ခဲ့ရာ စစ်ရှောင်တဲများ ထိခိုက်ပျက်စီးခဲ့ကြောင်း KamLatt-Kayah IDPs Assistance Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
“မနေ့ည ၆ နာရီနဲ့ ၇ နာရီကြား လက်နက်ကြီးနဲ့ သုံးချက် လှမ်းထုတာပေါ့နော်။ ဒီးမော့ဆိုကပဲ လှမ်းထုတာ။ စစ်ရှောင်စခန်းမှာ အိမ်ခြေများတယ်။ သူတို့က ဒရုန်းနဲ့ အရင် ထောက်လှမ်းပြီး ထုလာတာပေါ့။ တဲ တစ်လုံး ပျက်စီးသွားတယ်” ဟု KamLatt-Kayah IDPs Assistance Network မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်သည် နေ့ဘက်တွင် ဒရုန်းများဖြင့် လာရောက်ထောက်လှမ်းပြီး ညအချိန်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် ပြည်သူအများစုမှာ ကြောက်လန့်၍ အခြားနေရာသို့ ထပ်မံပုန်းရှောင်ခြင်းမျိုး လုပ်ဆောင်နေကြကြောင်း သိရှိရသည်။