လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်တွင် စစ်တပ်က အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ပြီး ပြည်သူ ၁ ဦးကိုပစ်သတ်၊ စစ်တပ် ပစ်သော လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၂ ဦးသေဆုံးကာ နေအိမ် ၅ လုံးပြာကျ
ရန်ကုန်၊ ဇွန် ၁၁
ကရင်ပြည်နယ်၊ လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်တွင် စစ်တပ်က အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ပြီး ပြည်သူ ၁ ဦးကိုပစ်သတ်ကာ စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း KNU-ဗဟိုက ထုတ်ပြန်ထားသည်။
ဇွန်လ ၉ ရက်နေ့တွင် လယ်ဒိုမြို့နယ်၊ ဝါးပင်စုကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ဝါပင်စုကျေးရွာ အတွင်း ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်က နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် အမျိုးသား ၁ ဦးကို ပစ်သတ်ပြီး အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကာ သေဆုံးသူ မည်သူမည်ဝါ ဖြစ်သည်ကို အတည်မပြု နိုင်သေးကြောင်း၊ သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းကို ရှာမတွေ့သော်လည်း စစ်တောင်းမြစ်တွင် အလောင်း ၂ လောင်းမျောပါလာသည်ကို တွေ့ရှိသည်ဟု ဒေသခံများက ပြောဆိုပြီး မျောလာသည့် အလောင်း ၂ လောင်းသည် ပစ်သတ်ခံရသည့် ပြည်သူ ၂ ဦး၏ ရုပ်အလောင်း ဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
ထို့ပြင် ဇွန်လ ၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က လယ်ဒိုမြို့နယ် ဆင်မတောင်မှနေ၍ ပေတူးကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ကြောင့် အသက် ၅၃ နှစ်အရွယ် နော်ဘော်ထူး ကျည်စ ထိမှန်သေဆုံးခဲ့ကြောင်း၊ အလားတူ ယင်းနေ့ ညနေ ၆ နာရီ ၅၀ မိနစ်မှ ည ၉ နာရီ ၂၀ မိနစ်အထိ အကြမ်းဖက် စစ်တပ်က မူးမြို့နယ်၊ ကွင်းချောင်းဝမှ လက်နက်ကြီး ၁၂ လုံး ပစ်ခတ်ခဲ့ရာ လက်နက်ကြီး ၄ လုံးသည် ရေတွင်းကုန်းကြီးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၆ နှစ်အရွယ် စောဆိဖိုး ကျည်စ ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။