ကသာမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာမှ အလှူ ရှင် ကိုဖိုးညိုကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်၊ ကိုယ်ခန္ဓာကိုယ်တွင် ပြောက်ကျားစစ်ဝတ်စုံ ဝတ်ဆင်ပေးပြီး အလောင်းကိုစွန့်ပစ်ခဲ့
ရန်ကုန်၊ ဇွန် ၁၂
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာတွင် အလှူလုပ်နေစဉ် စစ်တပ်စစ်ကြောင်း ဝင်ရောက်လာပြီး အလှူရှင် ကိုဖိုးညိုကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ဖမ်းဆီးသတ်ဖြတ် အလောင်းစွန့်ပစ်ခဲ့ကြောင်း ညောင်ခြေထောက်ကျေးရွာမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁ ရက်နေ့ နေ့လယ်ပိုင်း ကသာမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာတွင် ရွှေဖောင်လုပ်ငန်းရှင် ကိုဖိုးညိုသည် အလှူလုပ်နေပြီး အလှူအတွက် လှည့်လည်နေချိန် စစ်တပ်စစ်ကြောင်း ဝင်ရောက်လာကြောင်း၊ စစ်တပ်က အလှူရှင် ရွှေဖောင်လုပ်ငန်းရှင် ကိုဖိုးညိုကို ဖမ်းဆီးသွားခဲ့ကြောင်း၊ ဖမ်းဆီးချိန်က ကိုဖိုးညိုသည် အလှူအတွက် အင်္ကျီအဖြူနှင့် ပုဆိုး ဝတ်ဆင်ထားကြောင်း၊ ယင်းနောက် စစ်တပ်က ကိုဖိုးညိုကို ဖမ်းဆီးသတ်ဖြတ်ပြီး ကိုယ်ခန္ဓာကိုယ်တွင် ပြောက်ကျားစစ်ဝတ်စုံ ဝတ်ဆင်ပေးပြီး အလောင်း ကို စွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။
“ကိုဖိုးညိုကို စစ်တပ်က ဖမ်းသွားတဲ့နေ့ ဇွန်လ ၁ ရက်နေ့မှာ ကိုဖိုးညိုဝတ်ထားတာက Solo အင်းကျီအဖြူနဲ့ပုဆိုးနဲ့ပါ။ စစ်တပ်က အခုသတ်ထားခဲ့တော့ ကိုယ်ခန္ဓာမှာ စစ်ဝတ်စုံ ဝတ်ပေးထားတယ်။ အသတ်ခံရတာတော့သုံးလေးရက်ရှိပြီ။ သူကရွှေဖောင်လုပ်တယ်။ သူ့အိမ်မှာ KIAကို အခွန်ဆောင်ထားတဲ့စာရွက်တွေရော NLD ပြက္ခဒိန်ရောတွေ့လို့ စစ်တပ်က ဖမ်းသွားတာ။ စစ်တပ်က သူ့ကို သတ်ပြီး အဝတ်တွေလဲထားခဲ့တယ်။ သူ့အလောင်းကို ပြန်တွေ့တာက အင်ရွာအုပ်စု နရသိန်ကျေးရွာဘက်မှာ ပြန်တွေ့တယ်။ သားသမီး ၃ ဦး ကျန်ရစ်ခဲ့တယ်။ ကိုဖိုးညိုက အသက် ၄၀ လောက်ရှိပါပြီ” ဟု အသတ်ခံရသူနှင့်နီးစပ်သူ မိတ်ဆွေတစ်ဦးက ပြောဆိုသည်။
ဇွန်လ ၁ ရက်နေ့ နံနက် ၄ နာရီအချိန် ကသာမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအနီးအနားရှိ သံပုရာရွာ အထက်ဘက်တွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ညောင်ခြေထောက်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ကိုဖိုးညိုအပါအဝင် ပြည်သူများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းလုပ်ဆောင်ခဲ့ကြောင်း၊ ဇွန်လ ၂ ရက်နေ့တွင် ညောင်ခြေထောက်ကျေးရွာမှ နေအိမ် ၇၀ ခန့်ကို မီးတင်ရှို့ခဲ့ကြောင်း သိရှိရသည်။