ရန်ကုန်၊ ဇွန် ၁၀
မွန်ပြည်နယ်၊ သထုံမြို့ အခြေစိုက် အမှတ် ၁ ခြေမြန်တပ်ရင်းနှင့် အမြောက်တပ် တို့ကို KNLA ၊ PDF ၊ သထုံပကဖနှင့် ဘီးလင်း ပကဖ ပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး တပ်ရင်းမှူး ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း သထုံပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၇ ရက်နေ့နံနက်ပိုင်း KNLA ၊PDF ၊ သထုံမြို့နယ် ပကဖနှင့် ဘီးလင်းမြို့နယ်ပကဖ တပ်ဖွဲ့များက ပူးပေါင်း၍ သထုံ အခြေစိုက် ခမရ (၁) နှင့် အမြောက်တပ် တို့ကို မြေပြင်တပ်ဖွဲ့များ ၊ Drone တပ်များဖြင့် တိုက်ခိုက်ရာ ခမရ ၁ မှ ၄ ဦးထိခိုက်ဒဏ်ရာရရှိပြီး အမြောက်တပ် မှ ၅ ဦး သေဆုံးကြောင်း၊ အမြောက်တပ် ၏ တပ်ရင်းမှူးသည် အသစ်ပြောင်းရွှေ့လာသူဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိကာ နေပြည်တော်သို့ လေကြောင်းခရီးစဉ်ဖြင့် သွားရောက် ဆေးကုသနေရကြောင်း သိရှိရသည်။
သထုံ အမြောက်တပ် ၏ တပ်ရင်းမှူးအသစ်သည် ပြောင်းရွှေ့လာပြီးသည်နှင့် ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို နေ့စဉ် လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့်ကျေးရွာသားတချိုထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ကြောင့် လက်တုန့်ပြန်သည့်အနေဖြင့်တော်လှန်ရေး အင်အားစုများက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ဇွန်လ ၉ ရက်နေ့ ည ၁၀ နာရီအချိန် သထုံမြို့နယ်၊ ဝီယော်စစ်စခန်းမှ စစ်အင်အား အလုံးအရင်းဖြင့် သိမ်ဆိပ် ကျိုက်ကော်- လေးကေလမ်းပိုင်းကို ဆက်သွယ်ထားသောလမ်းပိုင်းအား ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါလမ်းပိုင်းမှာ လေးကေ-ဝင်းတာပန်-ပုရစ်ခို-ထုံးဖိုကြီး-ထုံးဖိုလေး ကျေးရွာမှ ဒေသခံပြည်သူများ သိမ်ဆိပ်နှင့် ကျိုက်ကော်သို့ နေ့စဉ် ကုန်စည် သယ်ဆောင်သွားလာရန် အသုံးပြုနေရသည့် တံတားတစ်စင်းဖြစ်သည့်အတွက် ဒေသပြည်သူများ ခရီးသွားလာရေးအတွက် အခက်အခဲကြုံတွေ့နေရကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကောင်စီတပ်ရင်းတစ်ခု၏ မုခ်ဦး။
