27 C
Yangon

မဘိမ်းမြို့နယ်၊ ရွှေတုန်းရွာနှင့်ခွေးဟောင်တုန်းရွာကို စစ်တပ်က မီးတင်ရှို့နေ၊ စစ်တပ်က လူသားဒိုင်းအဖြစ် ဓားစာခံ ဖမ်းဆီးထားသော ပြည်သူ ၅၀ ဦး မလွတ်မြောက်သေး

Must read

မဘိမ်းမြို့နယ်၊ ရွှေတုန်းရွာနှင့်ခွေးဟောင်တုန်းရွာကို စစ်တပ်က မီးတင်ရှို့နေ၊ စစ်တပ်က လူသားဒိုင်းအဖြစ် ဓားစာခံ ဖမ်းဆီးထားသော ပြည်သူ ၅၀ ဦး မလွတ်မြောက်သေး

ရန်ကုန်၊ ဇွန်လ ၁၂

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်၊ ရွှေတုန်းရွာနှင့်ခွေးဟောင်တုန်းရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ပြည်သူ ၅၀ ဦးကို စစ်တပ်က လူသားဒိုင်းအဖြစ် ဓားစာခံ ဖမ်းဆီးထားမှုမှာလည်း ပြန်လည် လွှတ်ပေးခြင်းမရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဇွန်လ ၁၁ ရက်နေ့မွန်းလွဲပိုင်းက အင်အား ၁၀၀ ကျော်ဖြင့် မဘိမ်းမြို့နယ်၊ ရွှေတုန်းရွာကို ဝင် ရောက်လာသော စစ်တပ်က ယင်းနေ့ ညနေ ၅ နာရီခန့်မှ စတင်ပြီး နေအိမ်များကို မီးရှို့ဖျက် ဆီးလျက်ရှိကြောင်း၊ အိမ်ခြေ ၂၅၀ ခန့်ရှိသော ရွှေတုန်းရွာမှာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း မှလွဲပြီး ကျန်နေအိမ်များမှာ မီးလောင်ကျွမ်းနေကြောင်း၊ ရွှေတုန်းကျေးရွာအပါအဝင် အနီးအနား ကျေး ရွာများမှ ပြည်သူထောင်ပေါင်းများစွာ ထွက်ပြေးနေရကြောင်း၊ ဇွန်လ ၁၂ ရက်နေ့တွင် ရွှေတုန်းကျေးရွာကို စစ်တပ်က ဆက်လက် မီးတင်ရှို့နေကြောင်း သိရှိရသည်။

“မနေ့က ညနေ ၅ နာရီလောက်က ၁၅ အိမ်လောက်ရှို့တာ၊ အခုမနက်တော့ တစ်ရွာလုံး ရှို့ပစ်လိုက်ပြီ၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းနေရာပဲ ကျန်တယ်၊ မီးရှုးမီးပန်းတွေပစ်ဖောက်ပြီး အိမ်တွေ လိုက်ရှို့ နေတာ၊ တစ်အိမ်ပြီး တစ်အိမ်ရှို့နေတာ၊ အခုထိရှို့နေတုန်းပဲ၊ အခုဆို နောက်ထပ်တစ်အိမ်တောင် ထပ်ရှို့ နေပြန်ပြီ၊ တောင်ကုန်းထိပ်မှာဆိုတော့ မြင်နေရတာ” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် စစ်တပ်က လမ်းတလျှောက် ဓားစာခံအဖြစ် ဖမ်းဆီးလာသော ပြည်သူ ၅၀ ဦးမှာလည်း စစ်တပ်ချီတက်ရာ လမ်းတလျှောက် လူသားဒိုင်းကာ ဓားစာခံများအဖြစ် အသုံးပြုလျက်ရှိပြီး စစ်တပ်က ပြန်လည် လွှတ်ပေးခြင်းမရှိသေးကြောင်း သိရှိရသည်။

အလားတူ ဇွန်လ ၁၁ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် မဘိန်းမြို့နယ် ၊ ခွေဟောင်တုန်းကျေးရွာကို စစ်တပ်က မီးတင်ရှို့ခဲ့ကြောင်း၊ ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင်လည်း ထပ်မံ မီးရှို့နေပြီး အိမ်ခြေ ၁၃၀ ခန့်ရှိသော ခွေးဟောင်တုန်းကျေးရွာမှာ ရွာလုံးကျွတ်နီးပါး ပြာကျသွားကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်မှာ ငါးအိုးကျေးရွာတွင် အထိုင်ချထားသော ၁၂၁ တပ်ဖြစ်ပြီး KIA တပ်ဖွဲ့မှ တိုက်ခိုက် ခြင်းမပြုဘဲ နောက်ဆုတ်ပေးလိုက်ရာမှ ရွှေတုန်းကျေးရွာအတွင်း ဝင်ရောက်မီးရှို့နေခြင်းဖြစ်ကြောင်း၊ ပြည်သူထိခိုက်မှုအတိအကျမသိရသေးဘဲ စစ်ကြောင်းထိုးရာလမ်းတလျှောက်၌ တွေ့သမျှလူအားလုံးကို ဖမ်းဆီးကာ လူသားဒိုင်းကာအဖြစ် အသုံးပြုဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ဇွန်လ ၄ ရက်နေ့ကလည်း ခွေးဟောင်တုန်းနှင့် ငါးအိုးရွာကြား၊ ပြာကျောင်းနှင့် ဥယာဉ်မှူး ကြားတွင် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကားလမ်းဘေးရှိ စပါးကျီများ၊ နေအိမ်များ မီးလောင် ပျက်စီးကာ ဝက်၊ နွားစသည့် အိမ်မွေးတိရစ္ဆာန် အများအပြားသေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article