အုတ်ဖိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ မြိုင်တွင် စစ်တပ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်
ရန်ကုန်၊ ဇွန် ၁၂
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမ တစ်နေရာ၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း တပ်ရင်း ၃၈၀၁ ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန် ၁၁ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တပ်ရင်း ၃၈၀၁ ခွဲ ၅ မှ ရဲဘော် ၂ ဦးကို ဓားစာခံအဖြစ်ဖမ်းဆီးပြီး အုတ်ဖိုမြို့နယ် ဝိုင်းရဲကင်းစခန်း ဂမုန်းဆယ် ကန့်နီ ကျေးရွာဘက်မှ ပဲခူးရိုးမ လမ်းဟောင်းအတိုင်း တက်လာစဥ် တပ်ရင်း ၃၈၀၁ ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး ဓားစာခံ ရဲဘော် ၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
” နှစ်ဖက် ပစ်ခတ်မှု မှာတော့ စစ်ကောင်စီ ဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်တာရှိပေမယ့် ကြို့ပင်ကောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်။ ပဲခူးရိုးမထဲမှ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ အကြား တကျော့တိုက်ပွဲတွေ ပြန်လည်ဖြစ်လာပြီး စစ်ကောင်စီဘက်က အထိနာနေတယ်” ဟု တပ်ရင်း ၃၈၀၁ ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ နှင့် ကိုင်းတောမ အကြား စစ်တပ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စက်မှု ၂ နှင့် ကိုင်းတောမ အကြားတစ်နေရာတွင် စက်မှု၂ မှ ဆင်းလာသော စစ်ကားများကို ကာကွယ်ရေးတပ်ဖွဲများက မိုင်းပွိင့် ၂ ပွိင့်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပြီး ၁ ဦး သေဆုံးနိုင်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ – တပ်ရင်း၁ – တပ်ခွဲ (၁) ၊ တပ်ခွဲ (၄- စက်ကြာ) ၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ ၊ MUGDFတပ်ဖွဲ၊ မုန်တိုင်းတပ်ဖွဲ ၊ YTKတပ်ဖွဲ ၊ GOBတပ်ဖွဲ ၊ အစရှိသော ကာကွယ်ရေးတပ်ဖွဲများမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
