28 C
Yangon

သရက်ချောင်းမြို့နယ်၊ ရငဲရွာကို စစ်တပ်က ဝင်ရောက်စီးနင်းမီးရှို့ ဖျက်ဆီးပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့

Must read

သရက်ချောင်းမြို့နယ်၊ ရငဲရွာကို စစ်တပ်က ဝင်ရောက်စီးနင်းမီးရှို့ ဖျက်ဆီးပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့

ရန်ကုန်၊ ဇွန် ၁၃

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး တပ်ဖွဲ့များက ပြောဆိုသည်။

ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် သရက်ချောင်းမြို့နယ်၊ ရငဲရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အကြမ်းဖက် စစ် တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ရငဲရွာလည်လမ်းဆုံအနီးရှိ နေအိမ် ၁ လုံး၊ ကျေးရွာစာသင်ကျောင်းနှင့် မျက်နှာချင်းဆိုင်ရှိ လက်ဖက်ရည်ဆိုင်တို့ကို ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ရွာလည်လမ်းဆုံ အရှေ့ဘက်ခြမ်းရှိ နေအိမ်များကို စစ်သားများက ထုဖွင့်ပြီး အဖိုးတန် ပစ္စည်းများကို ရှာဖွေခိုးယူလျက်ရှိကြောင်း၊ ရွာအတွင်း၌လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များ ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှ စတင်ပြီး ရငဲရွာ ဘောလုံးကွင်းဟောင်း ဘုန်းကြီးပျံကွင်းအနီးတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲများကြောင့် ရငဲရွာ ပြည်သူများသည် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရပြီး ပြေးလွှားနိုင်ခြင်း မရှိသော သက်ကြီး ရွယ်အို အနည်းစုက ရွာထဲ၌ ကျန်ရှိနေဆဲဖြစ်ကြောင်း၊ ဒဏ်ရာရရှိ​သော သူများရှိခဲ့​ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ထို့ပြင် သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာတွင်တွင် စစ်ဘေးရှောင်ရင်း မိခင်အတွက် အိမ်ပြန် ဆေးယူပေးသည့် အသက် ၂၃ နှစ်အရွယ် ကိုဝေယံဟိန်းကို စစ်တပ်က ပစ်သတ်လိုက်ကြောင်း သိရှိရသည်။

ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းအချိန် သရက်ချောင်းမြို့နယ်၊ ရငဲရွာမှ ကိုဝေယံဟိန်းသည် မိသားစုနှင့်အတူ စစ်ဘေးရှောင်နေရာမှ မိခင်အတွက် လိုအပ်သည့် ဆေးပြန်ယူရန်အတွက် နေအိမ်သို့ ပြန်သွားသောအခါ ရွာထဲတွင် အသင့်စောင့်ဆိုင်း ကင်းပုန်းဝပ်နေသော စစ်တပ်က ကိုဝေယံဟိန်းကို ပစ်သတ်လိုက်ကြောင်း သိရှိရသည်။

“သူ့အမေက အရင်ကတည်းက ကျန်းမာရေးကောင်းတာမဟုတ်ဘူး။ သူက သူ့အမေကိုအရမ်းချစ်တာ။ အခုလည်း တားနေရဲ့နဲ့ဆေးသွားယူတာတဲ့ဗျာ” ဟု ကိုဝေယံဟိန်းရဲ့သူငယ်ချင်းဖြစ်သူက ပြောဆိုသည်။

စစ်တပ်က ကိုဝေယံဟိန်းကို ပစ်သတ်ပြီးနောက် အလောင်းကိုတော့ သူ့အိမ်၏အနောက်ဘက်တွင် ထားရစ်ခဲ့သဖြင့် ဒေသပြည်သူတချို့က ကောက်ယူကာ ယနေ့ညနေပိုင်းတွင် မီးသဂြိုလ်လိုက်ကြောင်း သိရှိရသည်။

သရက်ချောင်းမြို့နယ် ရငဲကျေးရွာအနီးတွင် ယနေ့ စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွာခဲ့ပြီး ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ရငဲရွာလယ်လမ်းဆုံအနီးရှိ ကိုဝင်းစိုးအိမ်ဒေါ်လှမြင့်တို့အိမ်ကို မီးတင်ရှို့ပြီး ရွာလယ်လမ်းဆုံ၏အရှေ့ဘက်ခြမ်းရှိနေအိမ်တွေကို ထုဖွင့်၍အဖိုးတန်ပစ္စည်းများရှာဖွေခိုးယူပါတယ်။ ဒါ့အပြင်မှာ ကျေးရွာစာသင်ကျောင်းနဲ့ မျက်နှာချင်းဆိုင် ဦးစိန်ဝင်းလက်ဖက်ရည်ဆိုင်ကိုလည်း ဒီနေ့ နေ့လယ်မှာ မီးတင်ရှို့ပါတယ်။ ရွာထဲမှာ လက်နက်ကြီးတွေ ပစ်ခတ်ပြီးနေ နေအိမ်တွေကို ဖျက်ဆီးပါတယ်” ဟု ရငဲကျေးရွာသားတစ်ဦးက ပြောဆိုသည်။

သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီစစ်​ကြောင်းဝင်ရောက်လာခြင်းနှင့် နှစ်ဖက်တိုက်ပွဲများကြောင့် ကနက်သီရိရွာနှင့် ရငဲရွာအပါအဝင် ကျေးရွာ ၆ခုမှ ပြည်သူ ၃၀၀၀ ဝန်းကျင် ထွက်ပြေးနေရကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article