26 C
Yangon

ဆားလင်းကြီးရှိ ညောင်ပင်ကြီးကျေးရွာအုပ်စုကို စစ်တပ်က ၅ ရက်ဆက် မီးတင်ရှို့နေ၊ ကန့်ဘလူ၊ ဇင်းကျေးရွာရှိ စစ်ရှောင်တဲများကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ဆားလင်းကြီးရှိ ညောင်ပင်ကြီးကျေးရွာအုပ်စုကို စစ်တပ်က ၅ ရက်ဆက် မီးတင်ရှို့နေ၊ ကန့်ဘလူ၊ ဇင်းကျေးရွာရှိ စစ်ရှောင်တဲများကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၁၃

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးကျေးရွာအုပ်စုကို အကြမ်းဖက် စစ်တပ်က ၅ ရက်ဆက် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့ထံမှ သိရသည်။

ယနေ့ ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် အကြမ်းဖက် စစ်တပ်က ညောင်ပင်ကြီးကျေးရွာ အုပ်စုရှိ ရွာများကို ထပ်မံ မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ညောင်ပင်ကြီးရွာ၌ တပ်စွဲထားပြီး ညောင်ပင်ကြီး ကျေးရွာအုပ်စုရှိ ရွာများကို ဇွန်လ ၁၂ ရက်နေ့တွင် ၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဇွန်လ ၁၁ ရက်နေ့တွင် ညောင်ပင်ကြီးအုပ်စု သုံးဆူကျောင်းရှိနေအိမ်များကို ၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ဇွန်လ ၁၀ ရက်နေ့တွင် ညောင်ပင်ကြီးရွာနှင့် အနီးရှိ ကျေးရွာများကို ၃ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အလားတူ ဇွန်လ ၉ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်ကလည်း ညောင်ပင်ကြီးရွာ ၃ ရပ်ကွက်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ကန့်ဘလူခရိုင်၊ ချပ်သင်းတိုက်နယ် ဇင်းကျေးရွာအနီး တနယ်ကြီးကွင်း အတွင်းရှိ စစ်ရှောင်တဲများကို အကြမ်းဖက် စစ်တပ် လက်အောက်ရှိ ခမရ ၃၆၁ နှင့် ပျူစောထီး ပူးပေါင်း စစ်ကြောင်းက ဇွန်လ ၁၂ ရက်နေ့တွင် ဝင်ရောက် မီးရှို့ဖျက်ဆီးသွား၍ စစ်ရှောင်တဲ ၉ လုံး၊ ကျွဲ ၂ ကောင်၊ ဆန်တင်း ၆၀ နှင့် ဝက်တစ်ကောင် ဆုံးရှုံးခဲ့ရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“စစ်ရှောင်နေကြတာ ကြာနေပါပြီ။ သူတို့ထပ်လာတော့ ထပ်ပြေးကြရတာပေါ့။ လက်ရှိထိတော့ စစ်ရှောင်တွေ ဖမ်းခံရတာ မကြားမိပါဘူး”ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်၏ ခမ၇ ၃၆၁ စစ်ကြောင်းသည် ကတ္တားကျေးရွာမှ ပြည်သူ့နေအိမ်တစ်လုံးကိုလည်း ဇွန်လ ၁၂ ရက်နေ့တွင် ညနေပိုင်းတွင် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့- ကန့်ဘလူခရိုင်မှ သိရှိရသည်။

စစ်ရှောင်တဲများကို မီးရှို့ဖျက်ဆီးသွားသည့် စစ်ကောင်စီဝင်များသည် လက်ရှိအချိန်တွင် နဂါးပေါ်ကျေးရွာအရှေ့သို့ ရောက်ရှိနေကြောင်း ဒေသပြည်သူထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article