မြိုင်မြို့နယ်တွင် စစ်တပ် ယာဥ်တန်းနှင့် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်၊ ကန်နီရွာရှိ စစ်သား မင်္ဂလာဆောင်ကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ ဇွန် ၁၃
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ယာဥ်တန်းနှင့် ကင်းပုန်းတို့ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။
ဇွန်လ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပခုက္ကူ မှထွက်လာသော စစ်တပ် ယာဥ်တန်းကို လုံခြုံရေးယူထားသည့် သရက်ကန် ပျူစောထီး ကင်းပုန်းကို တွင်းမရွာနှင့် သရက်ကန်ရွာ အကြားတွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ရဲ ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် တွင်းမရွာနှင့် သရက်ကန်ရွာ အကြားတွင် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ယင်းတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း၁ – တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ( ဂဠုန်) ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ ၊ KMDF တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ ဇွန် ၁၃ ရက်နေ့ နံနက် ၇ နာရီအချိန်တွင်လည်း မြိုင်မြို့နယ် ကန်နီရွာရှိ စစ်သား မင်္ဂလာဆောင်ကို ဒရုန်း၊ Rocket များနှင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထိခိုက်မှု အသေးစိတ်ကို စုံစမ်းဆဲ ဖြစ်ကြောင်း သိရှိရသည်။
ယင်းတိုက်ခိုက်မှုကို စစ်ကောင်စီဝင်များနှင့် ပျူစောထီးများက ရမ်းသမ်းပစ်ခတ်မှုပြုလုပ်ခဲ့သော်လည်း တော်လှန်ရေး အဖွဲ့များ ထိခိုက်မှု မရှိခဲ့ကြောင်း၊ မြိုင်ပကဖ Drone တပ်ရင်းမှ 2 Kg Drop Bomb ၁ဖူး၊ 450gm ၅ ဖူး ၊ ခရိုင်တပ်ရင်း-၆မှ Rocket ၁၀ ဖူး၊ တပ်ရင်း-၁တပ်ခွဲ-၁ မှ ၆၀ မမ များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။