ဆားလင်းကြီးမြို့နယ်။ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ သိမ်တော်ရွာကို စစ်တပ်က ဒုတိယအကြိမ် ဝင်ရောက်မီးရှို့ဖျက်ဆီးပြန်
ရန်ကုန်၊ ဇွန် ၁၄
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ သိမ်တော်ရွာကို အကြမ်းဖက်စစ်တပ်က ယနေ့ ဇွန် ၁၄ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံ ဝင်ရောက်မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ပြောကြားသည်။
” သိမ်တော်ရွာက ညောင်ပင်ကြီးရဲစခန်းရဲ့ အနောက်ဘက်ရွာ။ PDF တွေ ဝင်စီးခဲ့တဲ့ ရဲစခန်းနဲ့က ရွာတွေက လမ်းပဲခြားတယ်။ အရင်နေ့တွေက ပြည်သူတချို့ဖမ်းခံရတာရှိတယ်။ အခုတော့ ရွာတွေကို နေ့စဉ်ရက်ဆက် မီးရှို့နေတယ်”ဟု ဒေသပြည်သူ တစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက် စစ်တပ်က ညောင်ပင်ကြီးရွာ၌ တပ်စွဲထားပြီး ညောင်ပင်ကြီး ကျေးရွာအုပ်စုရှိ ရွာများကို ဇွန်လ ၁၂ ရက်နေ့တွင် ၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဇွန်လ ၁၁ ရက်နေ့တွင် ညောင်ပင်ကြီးအုပ်စု သုံးဆူကျောင်းရှိနေအိမ်များကို ၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ဇွန်လ ၁၀ ရက်နေ့တွင် ညောင်ပင်ကြီးရွာနှင့် အနီးရှိ ကျေးရွာများကို ၃ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အလားတူ ဇွန်လ ၉ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်ကလည်း ညောင်ပင်ကြီးရွာ ၃ ရပ်ကွက်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ဇွန်လ ၉ ရက်နေ့၊ ညနေ ၅ နာရီ ၅၀ မိနစ် အချိန် မှ ည ၇ နာရီအထိ တော်လှန်ရေးတပ်များက ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးရွာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရဲ ၁၂ ဦးသေဆုံးကာ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ညောင်ပင်ကြီးကျေးရွာတွင် ဝင်ရောက်တပ်စွဲကာ ကျေးရွာများကို ဆက်တိုက် မီးရှို့နေခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသပြည်သူ ထောင်ချီ၍ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
ဓာတ်ပုံ- ညောင်ပင်ကြီးကျေးရွာအုပ်စုမှ ကျေးရွာများကို စစ်တပ်က မီးတင်ရှိုနေစဉ်။