မြင်းခြံတွင် မိုင်းလာဖြုတ်သည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ၇ ဦးသေဆုံးပြီး ကား ၁ စီးပျက်စီး
ရန်ကုန်၊ ဇွန် ၁၄
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တူးရွင်းဘို့ကျေးရွာနှင့် သစ်ရုံကျေးရွာကြားတွင် မိုင်းလာဖြုတ်သော အကြမ်းဖက်စစ်သားများ မိုင်းဆွဲတိုက်ခိုက်ရာ ၇ ဦးသေဆုံးခဲ့ပြီး ဖိုးဝှီးကား ၁ စီး ပျက်စီးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၅ တပ်ရင်း ၊ တပ်ခွဲ ၂ တပ်ခွဲမှူး ကိုနွေမိုက်က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
ဇွန်လ ၁၁ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူစောထီးရွာမှ ဖိုးဝှီးကားတစ်စီးဖြင့် ထွက်လာ သောအကြမ်းဖက်စစ်သား ၂၅ ဦး ခန့်သည် မြင်းခြံ-နဘူးအိုင်လမ်းပေါ်၌ လမ်းသွားလမ်းလာပြည်သူများ အားဖမ်းဆီးပြီး လူဒိုင်းအဖြစ် အသုံးပြုကာ ဖြုတ်သိမ်းပြီး မြင်းခြံမြို့ဘက်သို့ ပြန်လာစဉ် တူရွင်းဘို့ကျေး ရွာနှင့် သစ်ရုံကျေးရွာကြားအရောက် ပဒေသာမိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား ၇ ဦးသေဆုံးပြီး ကျန်အကြမ်းဖက်စစ်သားများ ထိခိုက်ဒဏ်ရာရရှိကာ ကားတစ်စီးလုံးလဲပျက်စီး သွားကြောင်း သိရသည်။
“ကျွန်တော်တို့မိုင်းတွေ အလုံး ၂၀ လောက်ပါသွားတယ်၊ လမ်းပေါ်လာတဲ့ ပြည်သူကားတွေကို ဖမ်း၊ ပြည်သူ တွေကို မိုင်းတွေဖော်ခိုင်း၊ ကားပေါ်တင်ခိုင်းပြီးယူသွားတာ၊ ကျနော်တို့မှာ မြင်ပါလျက်နဲ့ ပြည်သူတွေရှိ နေတော့ မဆွဲလိုက်ရဘူး၊ အဆုံးရှုံးခံလိုက်ရတယ်၊ အဲဒါကြောင့် ပြည်သူတွေ လွှတ်ပေးခဲ့ပြီး အပြန်မှာ ကျန်တဲ့မိုင်းနဲ့ ဆွဲခဲ့တာ၊ ကားကတော့ ကရိန်းနဲ့ကို ဆွဲယူသွားရတယ်၊” မြင်းခြံခရိုင် အမှတ် ၅ တပ်ရင်း ၊ တပ်ခွဲ ၂ တပ်ခွဲမှူး ကိုနွေမိုက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၅ တပ်ရင်း ၊ တပ်ခွဲ ၂ တပ်ခွဲ (MGN 35 ပြောက်ကျားတပ်ဖွဲ့) ၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း (27 Revolution Forces)၊ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း၊ နဂါးနီ ပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်စက္က ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိဘ ပြည်သူ များအနေဖြင့် အကြမ်းဖက်စစ်ကားများနှင့် အနီးကပ်လိုက်ပါခြင်းမပြုလုပ်ကြရန်၊ လမ်းပေါ်တွင် မှန်ချ မောင်းနှင်ကြရန်နှင့် အကြမ်းဖက်စစ်သားများနှင့် ဝေးဝေးနေထိုင်ကြရန် မေတ္တာရပ်ခံထားသည်။
