ကျွန်းလှမြို့နယ်၊ ကျောက်အိုင်ရွာကို ပျူစောထီးများက ဝင်ရောက်စီးနင်းပြီး နေအိမ်များကို ဖျက်ဆီးကာ ပစ္စည်းများကို ခိုးယူသွား
ရန်ကုန်၊ ဇွန် ၁၄
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကျောက်အိုင်ရွာကို ပျူစောထီးများက ဝင်ရောက်စီးနင်းပြီး နေအိမ်များကို ဖျက်ဆီးကာ ပစ္စည်းများကို ခိုးယူသွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၁၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပျူစောထီး အင်အား ၅၀ ခန့်သည် ကျောက်အိုင်ရွာကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂ လုံးကို ဖျက်ဆီးကာ အိမ်တွင်းရှိ ပစ္စည်းများကို ခိုးယူ ယူဆောင်သွားကြောင်း သိရသည်။
ယင်းပျူစောထီးစစ်ကြောင်းကို ကျွန်းလှမြို့ပျူစောထီး ခေါင်းဆောင်များထဲမှ တစ်ယောက်ဖြစ်သည့် ပွကြီးမှ ဦးဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပထမအိမ်နှစ်လုံးက ပြတင်းပေါက်တွေရိုက်ခွဲတယ်။ အိမ်အတွင်းမှာရှိတဲ့ တီဗွီတွေ၊ ဗီရိုတွေနဲ့ တခြားပစ္စည်းတွေကို ဖျက်ဆီးတယ်။ သူတို့လိုချင်တဲ့ပစ္စည်းဆို ဖိနပ်ကောင်းတာကအစ ကလေးစားစရာအဆုံး အကုန်ယူသွားတယ်” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ပျူစောထီး ခေါင်းဆောင် ပွကြီးနှင့်အဖွဲ့သည် ကျောက်အိုင်ကျေးရွာကို အကြောင်းမဲ့ ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်ပြီး မွန်းလွဲ ၁၂ ဝန်းကျင်တွင် ကျောက်အိုင်ရွာမှ ကျွန်းလှမြို့ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။