ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီအနေဖြင့် ခရီးသွားလာခွင့်ပိတ်ပင်ခြင်းကို ပြန်လည်သုံးသပ်ရန် UN တာဝန်ရှိသူများက တိုက်တွန်းနေ
ရန်ကုန်၊ ဇွန် ၁၄
UN အပါအဝင် INGOs အဖွဲ့များအား ရခိုင်ပြည်နယ် အတွင်း ခရီးသွားလာခွင့်ပိတ်ပင်ခြင်းဆုံးဖြတ်ချက်ကို စစ်ကောင်စီအနေဖြင့် ပြန်လည်သုံးသပ်ပေးရန် UN တာဝန်ရှိသူများက တိုက်တွန်းနေကြောင်း သိရသည်။
ကုလသမဂ္ဂဌာနေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးက ရခိုင်ပြည်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီထောက်ပံ့မှုများပေးနိုင်ရေးအတွက် စစ်ကောင်စီကို တိုက်တွန်းနေကြောင်း ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်သည့် UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မြန်မာနိုင်ငံကမ်းရိုးတန်းဒေသသို့ မေလ ၁၄ ရက်က ဆိုက်ကလုန်း မိုချာ၏ ပြင်းထန်သော ရိုက်ခတ်မှုနှင့် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများ၏ ဒုက္ခကို တိုးလာစေပြီး အထူးသဖြင့် မုတ်သုံရာသီတွင် လိုအပ်ချက်များ အရမ်းများပြားနေကြောင်း ပြောသည်။
အထူးသဖြင့် ရခိုင်ပြည် အနောက်အမြောက်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသော ဒေသများအတွင်း ထောက်ပံ့မှုများ ပိုမိုကျယ်ပြန့်စွာဝင်ရောက်ခွင့်နှင့် ဒေသခံများအသိုင်းအဝိုင်းများမှာလည်း လိုအပ်ချက်များစွာကို ဖြည့်ဆည်းပေးရန် အရေးတကြီးလိုအပ်နေကြောင်း UNOCHA က ဆိုသည်။
ကချင်ပြည်နယ်နှင့် ရခိုင်ပြည်တို့တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများသည် လက်ကျန်ခွင့်ပြုချက်ရရှိထားသည့်ကာလတွင် ထိခိုက်လွယ်သောပြည်သူများအတွက် အရေးကြီးသော အသက်ကယ်ဆယ်ရေးအကူအညီများကို ဆက်လက်ပံ့ပိုးပေးအပ်လျှက်ရှိကြောင်းလည်း သိရသည်။
တနိုင်ငံလုံးတွင် ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က အာဏာသိမ်းပြီးကတည်းက ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် ၁.၅ သန်းရှိပြီး လက်ရှိတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသူပေါင်း ၁.၈ သန်းကျော်ရှိနေပြီဟု ဆိုသည်။
အမည်မဖော်လိုသည့် ရသေ့တောင်မြို့နယ်က အရပ်ဘက်အဖွဲ့အစည်းတစ်ခုက “စစ်ကောင်စီအနေနဲ့ UN အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကို ရခိုင်ပြည်အတွင်း လူသားချင်းစာနာထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ ခွင့်ပြုပေးသင့်ပါတယ်။ စစ်ကောင်စီလည်း ကူညီထောက်ပံ့၊ နိုင်ငံတကာကလည်း ကူညီထောက်ပံ့ပေးရင် မုန်တိုင်းသင့်ပြည်သူတွေက အများကြီး အထောက်အကူဖြစ်မှာပါ။ အခု မုန်တိုင်းသင့်ပြည်သူတွေဟာ ကယ်ဆယ်ရေးအကူညီမရှိတဲ့သူတွေများရှိတဲ့အတွက် ငတ်မွတ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ စစ်ကောင်စီအနေနဲ့ သဘောထားကြီးပေးဖို့ တောင်းဆိုပါတယ်” ဟု ပြောသည်။
စစ်ကောင်စီသည် UN အပါအဝင် UNOCHA ၏ မိတ်ဖက်အဖွဲ့အစည်း ၁၁ ခုမှ ရခိုင်ပြည်အတွင်း မုန်တိုင်းသင့်ဒေသများအား ကူညီထောက်ပံ့ပေးမည့် ကယ်ဆယ်ရေးထောက်ပံ့ပေးမည့် ပစ္စည်းများကို ၎င်းတို့ထံ ပေးအပ်ပြီး စစ်ကောင်စီမှတစ်ဆင့် မုန်တိုင်းသင့်ပြည်သူများအား ပြန်လည်မျှဝေပေးအပ်သွားမည်ဟု ပြောဆိုထားသည်။
UN အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို စစ်ကောင်စီထံ ပေးအပ်မည် ရှိမရှိကို တိတိကျကျ သတင်းထုတ်ခြင်းမရှိသေးပေ။
ရက္ခိုင့်တပ်တော် ULA/AA ၏ ထုတ်ပြန်ချက်အရ မုန်တိုင်းကြောင့် ရခိုင်ပြည်တွင် မွတ်ဆလင်များအပါအဝင် ဒေသခံပြည်သူ ၁၂ သိန်းကျော် ထိခိုက်မှုရှိခဲ့ပြီး ၁၄၆ ဦးသေဆုံးခဲ့ကြောင်းနှင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီများစွာလိုအပ်နေသေးကြောင်း သိရသည်။
ပုံစာ – မေလ ၁၄ ရက်နေ့က အင်အားပြင်း မိုခါမုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွား စစ်တွေဒေသခံ အဘွားအိုတစ်ဦးအား မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Photo – Western News