32 C
Yangon

မိုးဗြဲမြို့အနီးရှိ ဒေသ ပြည်သူ ၂၆ ဦးကို စစ်တပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအား ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ထုတ်ပြန်

Must read

မိုးဗြဲမြို့အနီးရှိ ဒေသ ပြည်သူ ၂၆ ဦးကို စစ်တပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအား ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ထုတ်ပြန်

ရန်ကုန် ၊ ဇွန် ၁၅

ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲမြို့ အနီးတစ်ဝိုက်တွင် အကြမ်းဖက် စစ်တပ်က ဇွန်လ ၆ ရက်နေ့မှ ၈ ရက်နေ့အတွင်း ဒေသပြည်သူ ၂၆ ဦးကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့မှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာနက ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အကြမ်းဖက် စစ်တပ်သည် ဇွန်လ ၆ ရက်မှ ၈ ရက်နေ့အတွင်း မြောက်ဘက်ပိုင်း မိုးဗြဲမြို့ စေတီတော်အနီးတွင် ရွာသား ၁၄ ဦးကို အစုလိုက်အပြုံလိုက် ပစ်သတ်ခဲ့ကြောင်း၊ ထို့ပြင် မိုးဗြဲမြို့အနီးတစ်ဝိုက်တွင်လည်း စစ်ကောင်စီ၏ မော်တာဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၁၂ ဦး သေဆုံးရခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်သို့ အကြမ်းဖက်စစ်တပ်၏ ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးသွားရသော သူများ၏ မိသားစုများ၊ ဆွေမျိုးများနှင့် အသိုက်အဝန်းတစ်ခုလုံးနှင့်အတူ ယူကြုံးမရ ဝမ်းနည်းရပါကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်တပ် ပစ်သတ်ခဲ့သည့် ပြည်သူ ၆ ဦး၏ ရုပ်အလောင်းများကို ရှမ်းရွာသားများက ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ထပ် ရုပ်အလောင်း ၅ ခုကို ပြန်ယူရန်အတွက်မူ စစ်ကောင်စီဘက်မှ အသက်အန္တရာယ်ခြိမ်းခြောက်မှုများရှိနေသည့်အတွက် ပြန်လည် ယူဆောင်၍ မရသေးကြောင်းသိရသည်။

ထို့ပြင်သေဆုံးသူတစ်ဦးမှာ စေတီတော်ဝန်းအတွင်း၌ လဲကျနေစဉ် ဦးခေါင်းကို ရက်စက်စွာ ပစ်သတ်ခံရသည်ကို ဒရုန်းဗီဒီယိုဖိုင်တွင် မြင်တွေ့ရပြီး နောက်ထပ် သေဆုံးသူ ၃ ဦးမှာလည်း ၎င်းတို့အား ဒူးထောက်ခိုင်းကာ ပစ်သတ်ခဲ့သည့် ပုံစံအနေအထားများ တွေ့ရှိရကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် နှစ်ပတ်အတွင်းတွင်လည်း ဒေသပြည်သူ ၁၂ ဦး သေဆုံးခဲ့ရသည့်အပြင် ၂၀ ဦး ထိခိုက် ဒဏ်ရာရများရရှိခဲ့ကြောင်း၊ ထို့သို့ အသက်အသက်အန္တရာယ်နှင့် ကြုံတွေ့ရသည့် ပြည်သူများအသက်ကို ကယ်တင်ရန်အတွက် စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့ကြသည့် Free Burma Rangers (FBR) အဖွဲ့သားများနှင့် အခြားသော ပုဂ္ဂိုလ်များကိုလည်း အထူး ကျေးဇူးတင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကြမ်းဖက်စစ်တပ်အနေနှင့်မူ လူသားမျိုးနွယ်အပေါ် ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများအတွက် တာဝန်ခံရမည်ဖြစ်ကာ နိုင်ငံတကာအသိုက်အဝန်းများ၊ သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ အထူးသဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အဆုံးသတ်ရန်နှင့် ကျူးလွန်သူများကို တရားမျှတမှုရှိစေရန် ရနိုင်သော နည်းလမ်းအားလုံးကို အသုံးပြု၍ ဆောင်ရွက်ပေးရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ၏ ကြေညာချက်တွင် တောင်းဆိုထားသည်။

ထို့ပြင် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်စစ်အာဏာရှင်များကို ကူညီပံ့ပိုးခြင်းသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို ပိုပြီးကျူးလွန်အောင် ကူညီခြင်းဖြစ်သည့်အတွက် တာဝန်ခံရမည်ဖြစ်ကြောင်းလည်း အထူးသတိထားစေလိုကြောင်း၊ မြန်မာပြည်သူလူထုသည် ရက်စက်ကြမ်းကြုတ်မှုများမှ ကင်းဝေး၍ တရားမျှတပြီး ငြိမ်းချမ်းသော အနာဂတ် ဖက်ဒရယ်ဒီမိုအရက်တစ် မြန်မာနိုင်ငံအသစ်ကိုသာ ထိုက်တန်ပါကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article