32 C
Yangon

တိုက်ပွဲများကြောင့် သရက်ချောင်းမြို့နယ်ရှိ ကျေးရွာက ၁၀ ရွာကျော်မှ ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေး

Must read

တိုက်ပွဲများကြောင့် သရက်ချောင်းမြို့နယ်ရှိ ကျေးရွာက ၁၀ ရွာကျော်မှ ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေး

ရန်ကုန်| ဇွန် ၁၅

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ကြား နှစ်ဖက်စစ်ရေးတင်းမာနေမှုရှိရာမှ ယနေ့ ဇွန်လ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်တွင် တိုက်ပွဲကြောင့် ကျေးရွာ ၁၀ ကျော်က ဒေသခံများ ၅၀၀၀ ကျော် မိသားစုလိုက်ထွက်ပြေး တိမ်းရှောင်နေရသည်။

လက်ရှိတွင် သရက်ချောင်းမြို့နယ်ထဲက ကနက်သီရီကျေးရွာအုပ်စု၊ မင်းဒပ်ကျေးရွာအုပ်စုနှင့် ရငဲကျေးရွာအုပ်စုထဲက မင်းဒပ်ရွာ၊ ဝင်းဝရွာ၊ သိမ်ကုန်းရွာ၊ ဝဲရစ်ရွာ၊ ကမြိုင်ရွာ၊ ကတွဲရွာ၊ ကညင်ချောင်းရွာ၊ ရငဲရွာ၊ ကျွဲမင်းကုန်းရွာ၊ ကျောက်ခမောက်ရွာ၊ ကနက်သီရိရွာများက ပြည်သူများ သည် တိုက်ပွဲကြောင့် ထွက်ပြေးနေကြရသည်။

အဆိုပါ ကျေးရွာများသည် ပြီးခဲ့သည့် အပတ်ကတည်းက ရွာလုံးကျွတ် စစ်ရှောင်နေရာမှ ယနေ့ ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲကြောင့် ဒေသခံ ပြည်သူ ၅၀၀၀ ကျော်သည် ရေလမ်း ခရီးကိုအသုံးပြုပြီး ဘေးလွတ်ရာ နေများသို့ အရေးပေါ် ပြောင်းရွှေ့ခဲ့ရသည်ဟု စစ်ဘေးရှောင် ကူညီနေသူများမှ ပြောသည်။

ကနက်သီရွာက စစ်ရှောင်အရေး ကူညီပေးနေသူ ဒေသခံ တစ်ဦးက”တိုက်ပွဲတွေက ဖြစ်နေတာက ကနက်သီရိရွာနဲ့ ၉ မိုင် လောက်ဝေးတဲ့ မင်းဒပ်ရွာနဲ့ သိမ်ကုန်းရွာ၊ ဝဲရစ်ရွာတွေဖက်မှာ ဖြစ်နေတာပါ။ မနက်ကလည်း ပစ်ခတ်သံတွေ ဆက်တိုက် ကြားနေရတယ်၊ ညကဆိုရင် လက်နက်ကြီးသံတွေပါ ရွာထဲကို ကျရောက်ခဲ့တယ်”ဟု ပြောသည်။

ထိုသို့ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားနေရာမှ ယနေ့ ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ရငဲရွာ ကားလမ်းမအနီး မြွေတောင်နှင့် မင်းဒပ်သုသာန် အနီးတွင် စစ်ကောင်စီတပ် နှင့် PDF တို့ကြား ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

ယင်းထဲကမှ ရငဲတိုက်နယ် အတွင်း ကျေးရွာများမှ စစ်ဘေးရှောင်များသည် အဝေးပြေးကား လမ်းမကြီးပေါ်တွင် တည်ရှိနေ၍ သတိထားသွားလာနေရကြောင်း ယင်းတိုက်ပွဲများကြောင့် စစ်ဘေးရှောင်များထိခိုက်မှုများ မသိရရှိရသေးကြောင်း သိရသည်။

“အခု စစ်ရှောင်နေရတဲ့ ရွာတွေထဲမှာ ကနက်သီရိရွာက အများဆုံး ဖြစ်တယ်။ တစ်ရွာတည်းတောင် ဒေသခံ တစ်ထောင်ကျော် ရှိတယ်”ဟု ကနက်သီရိရွာခံ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းသို့ စစ်ရှောင်များသည် ထွက်ပြေးတိမ်းရှောင်နေရမှုကြောင့် စားနပ်ရိက္ခာများ လိုအပ်နေသလို ကူညီပေးရန် ခက်ခဲမှုများ ရှိနေကြောင်း စစ်ဘေးရှောင် ကူညီပေးနေသည့် ဒေသခံတစ်ဦးက ပြော သည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့သည် သရက်ချောင်းမြို့နယ် ကနက်သီရိရွာကို ဝင်ရောက်လာပြီးနောက် အနီးအနားရှိ ကျေးရွာများ၏ပြည်သူ နေအိမ်များကို မီးရှို့ဖျက်ဆီးခံရမှုများ ရှိပြီး တန်းဖိုးကြီး ပစ္စည်းများလည်း အခိုးခံရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

(Western News-WNသည် ရန်ကုန်​ခေတ်သစ် ၏မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article