30 C
Yangon

ရေးမြို့နယ်မှ စစ်တပ်၊ ရဲနှင့် Non-CDM ဌာနဝန်ထမ်းများအားလုံး ခွင့်ပြုချက်မရဘဲ ခရီးမသွားရန်နှင့် ရေးမြို့မှ ထွက်ခွာခြင်း မပြုကြရန် စကခ ၁၉ က လျှို့ဝှက် အမိန့် ထုတ်ပြန်

Must read

ရေးမြို့နယ်မှ စစ်တပ်၊ ရဲနှင့် Non-CDM ဌာနဝန်ထမ်းများအားလုံး ခွင့်ပြုချက်မရဘဲ ခရီးမသွားရန်နှင့် ရေးမြို့မှ ထွက်ခွာခြင်း မပြုကြရန် စကခ ၁၉ က လျှို့ဝှက် အမိန့် ထုတ်ပြန်

ရန်ကုန်၊ ဇွန် ၁၆

မွန်ပြည်နယ်၊ ရေးမြို့နယ်မှ စစ်တပ်၊ ရဲနှင့် Non-CDM ဌာနဝန်ထမ်းများအားလုံး ခွင့်ပြုချက်မရဘဲ ခရီးမသွားကြရန်နှင့် ရေးမြို့နယ်မှ ထွက်ခွာခြင်းမပြုကြရန် စကခ ၁၉ ခေါ် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က လျှို့ဝှက် အမိန့် ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်သည်။

ဇွန်လ ၉ ရက်နေ့ ရေးမြို့နယ်၊ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် ကျင်းပသော လုံခြုံရေးဆိုင်ရာ အစည်းအဝေးတွင် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများအနေဖြင့် ရေးမြို့မှ နယ်မြေကျော်ခရီးသွားလာရာတွင် လုံခြုံရေး အခြေအနေအရ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် သတင်းပို့တင်ပြပြီး ခွင့်ပြုချက်ရမှသာ သွားလာကြရန် ညွှန်ကြား ကြောင်း ဇွန်လ ၁၃ ရက်နေ့ နေ့စွဲဖြင့် လျှို့ဝှက် ညွှန်ကြားချက် ထုတ်ပြန်သည်။

သို့ဖြစ်၍ ရေးမြို့နယ်အတွင်းရှိ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများအနေဖြင့် နယ်မြေလုံခြုံရေးအခြေအနေအရ ရေးမြို့နယ်မှ နယ်မြေကျော် ခရီးသွားလာရာတွင် တပ်နယ်မှူးရုံး၊ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်သို့ သတင်းပေးပို့ပြီး ခွင့်ပြုချက်ရရှိမှသာ ခရီးသွားလာကြရန် အကြောင်းကြားထားကြောင်း သိရှိရသည်။

“ရေးဘီလူးအဖွဲ့ကလည်း အင်အားကြီးလာတယ်။ အခြားရေးမြို့ ပြောက်ကျားတပ်ဖွဲ့တွေ၊ PDF နဲ့ KNLA တပ်ဖွဲ့တွေလည်းရှိနေတော့ အခြေအနေက အရမ်းရှုပ်ထွေးလာလို့ ခွင့်ပြုချက်မရှိဘဲ ခရီးသွားရင် ကိုယ်ဖြစ်ကိုယ်ခံပဲ။ တကယ်လို့ စစ်တပ်ကို တင်ပြပြီး ခရီးသွားမယ်ဆိုရင် လုံခြုံရေးအတွက် စီမံပေးကောင်းပေးမယ်ဆိုတဲ့သဘောမျိုးပြောတယ်။ ဖြစ်နိုင်ရင်တော့ ခရီးမသွားခိုင်းဘူး။ နောက်တစ်ခါ ရေးမြို့ထဲမှာလည်း ၂၄ နာရီ လုံခြုံရေး အမြဲ အသင့်ရှိဖို့ မှာတယ်။ ရေးမြို့ကို PDF တွေ လာတိုက်မယ်ဆိုတဲ့ သတင်းတွေ ရထားတယ်လို့လည်းပြောတယ်။ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အကုန်လုံးကတော့ စိုးရိမ်ထိတ်လန့်နေကြရတဲ့ အခြေအနေပါ” ဟု ရဲဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ရေးမြို့နယ်အတွင်းရှိ စစ်တပ် တပ်ရင်းတပ်ဖွဲ့များတွင်လည်း ခုခံစစ်အတွက် ကတုတ်ကျင်းများ၊ ဘန်ကာများ၊ သဲအိတ်များ၊ ကင်းပုန်းများနှင့် ၂၄ နာရီ လုံခြုံရေး အဆင်သင့် ပြင်ဆင်ထားကြောင်း သိရှိရသည်။

အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော မွန်ပြည်နယ်၊ ရေးမြို့တွင်တည်ရှိသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တစ်ခုဖြစ်ပြီး “စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်” ဆိုသည်မှာ ‘ခြေမြန်တပ်မဌာနချုပ်’ အသွင်ယူထားသော တိုက်ခိုက်ရေးတပ်ဖွဲ့ ဖြစ်ကြောင်း၊ လက်ရှိ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး တာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် ကျော်စွာဦး ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article