32 C
Yangon

ထီးလင်းတွင် တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် ၂ ဦးကျဆုံး၊ မြောင်ရှိ ရဲစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်၊ ပေါင်းတည်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်

Must read

ထီးလင်းတွင် တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် ၂ ဦးကျဆုံး၊ မြောင်ရှိ ရဲစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်၊ ပေါင်းတည်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၁၆

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အတွင်း လှည့်လည်ပြီး ပြည်သူပစ္စည်းများကို ခိုးယူနေသော အကြမ်းဖက်စစ်သား၊ ပျူစစ်ကြောင်းကို ခုခံတိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ ကြောင်း Yaw Revilution Army တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၁၄ ရက်နေ့က အင်အား ၁၅၀ ခန့်ဖြင့် ထီးလင်းမြို့မှ ထွက်လာသော ခလရ ၅၀ လက်အောက်ခံ အကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် အုန်းတွဲကျေးရွာသို့ ဝင်ရောက်ညအိပ်ကာ စားနပ်ရိက္ခာများ၊ ပြည်သူပိုင်ပစ္စည်းများ ခိုးယူပြီးနောက် ဇွန်လ ၁၅ ရက် နံနက်ပိုင်းတွင် ကွမ်းဇဲကျေးရွာဘက်သို့ ပြန်လည် ဆုတ်ခွာစဉ် ဂန့်ဂေါခရိုင်တပ်ရင်း ၁၅ ၊ တပ်ရင်း ၁၆ ၊ တပ်ရင်း ၁၇ -YRA ထီးလင်းနှင့်မဟာမိတ် KKG ပူးပေါင်းတပ်တို့မှ အုန်းတွဲကျေးရွာအနီးအရောက် တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

“အုန်းတွဲရွာထဲကနေ ထွက်သွားပြီဆိုပြီး ချဉ်းကပ်တာ၊ ကင်းပုန်းချန်ထားခဲ့တဲ့ ၃၀ လောက်နဲတိုးပြီး တရစပ်ပစ်ခတ်တိုက်ခိုက်ခံလိုက်ရတာပါ၊ ထွက်သွားတဲ့ စစ်ကြောင်းကလည်း ထီးလင်းမဝင်ပဲနဲ့ ပြန် လှည့်ပတ်ပြီး နောက်ကနေ ဝင်တိုက်တာ၊ အလစ်အငိုက်အတိုက်ခံလိုက်ရတာပေါ့၊ ရဲဘော်တွေ အ လောင်းတွေလဲ မရလိုက်ဘူးဗျ၊ မောင်းပြန်တစ်လက်ကတော့ ကျသွားတဲ့ရဲဘော်တွေနဲ့အတူပါသွား တာပါ၊ ဖမ်းခံလိုက်ရတယ်ဆိုတဲ့ ရဲဘော်အခြေအနေက မသိရသေးဘူး၊ သတ်ပစ်လိုက်ပြီလား၊ ဖမ်းခေါ် သွားလာ မသိရသေးဘူး” ဟု YRA ထီးလင်းတပ်ဖွဲ့မှ သခင်ဇော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

အဆိုပါတိုက်ပွဲအတွင်း YRA(ထီးလင်း)မှ တပ်သား ဝင်းကိုနိုင် နှင့်တပ်စုမှူး ဝေယံလင်း တို့ ကျဆုံးခဲ့ရပြီး တပ်သားပြည့်ဖြိုးအောင်(စိုးရိမ်ရ)နှင့် ပကဖတပ်ဖွဲ့ဝင်တစ်ဦး၊တပ်သားတစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ ကာ တပ်သားဆန်းဦး ဖမ်းဆီးခံလိုက်ရကြောင်း၊ တိုက်ခိုက်ခံရမှုအတွင်း M4 မောင်းပြန်တစ်လက် ဆုံးရှုံး ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု မသိရသေးကြောင်း YRA -ထီးလင်းမှ ထုတ်ပြန် ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Myaung Union Army (MUA) အဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁၅ ရက်နေ့ ည ၈ နာရီခန့်တွင် မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက လက်လုပ် ၈၀ မမ ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၃ လုံး ပေါက်ကွဲကာ စစ်သားများ ထိခိုက် သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်း ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၃ ၊ Myaung Union Army (MUA) ၊ မန္တလေးတိုင်း ငါးဇွန်မြို့နယ် ပကဖ ထုတ်လုပ်ရေးနှင့် စုဆောင်းရေး တာဝန်ခံအဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း ၆ နှင့် စစ်ကိုင်းခရိုင် ထောက်ပို့တပ်ခွဲ ၃ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမ ခြေရင်းရွှေလေးကြိုးဝိုင်း ဧက ၅၀၀ အကွက် အမှတ် ၄၀ အနီး စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဇွန်လ ၁၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ပေါင်းတည်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁ PPDF) တပ်ရင်း တပ်ခွဲ ၂ မှ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရရှိသူများကို စောင်ဖြင့် ပုခက်လုပ်ကာထမ်းစင် ၅ ခုဖြင့်ထမ်း၍ အောက်ဘက်သို့ ပြန်လည်ဆုပ်ခွာသွားကြောင်း၊ ယင်း ဒဏ်ရာရရှိသော စစ်သားများ သေဆုံးခြင်း ရှိမရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်ကလဲ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article