30 C
Yangon

တနင်္သာရီမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ၊ ထားဝယ်တွင် စစ်ဘေးရှောင်များနှင့် PDF များ ငှက်ဖျားရောဂါ ဖြစ်ပွားနေ

Must read

တနင်္သာရီမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ၊ ထားဝယ်တွင် စစ်ဘေးရှောင်များနှင့် PDF များ ငှက်ဖျားရောဂါ ဖြစ်ပွားနေ

ရန်ကုန်၊ ဇွန် ၁၇

တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ကျေးရွာအုပ်စု ၂ ခုမှ ထောင်နှင့် ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ဇွန်လ ၁၄ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ကာ စစ်ကြောင်း ထိုးဝင်ရောက်လာသောကြောင့် ဘန်းလမွတ်ကျေးရွာနှင့် ဘန်လောကျေးရွာအုပ်စုနှစ်ခုမှ အိမ်ထောင်စု ၁၃၀၀ ကျော် အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရကြောင်း၊ ဘန်လောအရှေ့ဖက်ကမ်းရွာမှ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်းသည့် ဒေသ‌နေပြည်သူများလည်းပါဝင်ကြောင်း၊ လိုအပ်သည့် အထုပ်အပိုးများကိုလည်း တဖြည်းဖြည်းသယ်ယူကာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြခြင်းဖြစ် ကြောင်း သိရသည်။

လက်ရှိချိန်တွင် စစ်ဘေးရှောင်နေရသော ကျေးရွာများမှာ ဘန်းလမွတ်ကျေးရွာအုပ်စုမှ ဘန်းလမွတ်ရွာ၊ ကျောင်း ကုန်းရွာ၊ ညောင်ပင်ကုန်းရွာ၊ ရမ်းဖိုရွာ၊ ကမ်းတိုရွာ၊ ပနပ်ငယ်ရွာ စသည့် ကျေးရွာများဖြစ်ပြီး ဇွန်လ ၆ ရက်နေ့က စတင်၍ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း၊ ဇွန်လ ၁၄ ရက်နေ့မှ ၁၆ ရက် မွန်းလွဲပိုင်းအထိ သကျက်ရွာ၊ မရင်းကြီးရွာ၊ ဘန်လင်ရွာများအနီးတွင် အကြမ်းဖက် စစ်တပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နှစ်ဖက် စစ်ရေးလှုပ်ရှားများရှိကြောင်း သိရသည်။

ယနေ့ ဇွန်လ ၁၇ ရက် နံနက်ပိုင်းတွင်လည်း အကြမ်းဖက်စစ်တပ်က ဘန်းလမွတ်ကျေးရွာအုပ်စု အတွင်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့​ကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ဘေး ရှောင်ပြည်သူများမှာ ယခင်နှစ်များထက် ငှက်ဖျားရောဂါဖြစ်မှု ပိုမိုများပြားလာကြောင်း သိရသည်။

ဒေါန တနင်္သာရီစစ်ရှောင်အထောက်အကူပြုရေးအဖွဲ့၏ ဆေးကုသမှုမှတ်တမ်းများအရ ပြီးခဲ့တဲ့နှစ်တွင် ဝကုန်းရွာ၊ သင်္ကန်းတုံးရွာ စသည့် အရှေ့တောဒေသဘက်မှ ကျေးရွာများတွင် ငှက်ဖျားရောဂါ အဖြစ် နည်းသော်လည်း ယခုနှစ်တွင် စစ်ဘေးရှောင်ပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၌ ငှက်ဖျားရောဂါပိုးတွေ့ရှိရပြီး စစ်ဘေးရှောင်ပြည်သူထဲတွင် အသက် ၁ နှစ် ၃ လအရွယ် ကလေး၌ ငှက်ဖျားရောပိုးတွေရှိသည်အထိ ဆိုးရွာနေသည်ဟု ဆိုသည်။

ငှက်ဖျားရောဂါဖြစ်ပါက အမြစ်ပြတ်အောင် စနစ်တကျကုသရန် လိုအပ်ပြီး ကုသခွင့်မရရှိ ပါကငှက်ဖျား ပိုး ခန္ဓာကိုယ်အတွင်း ပိုမိုပျံ့နှံ့လာကာ အလွန်အမင်းခေါင်းမူးခေါင်းခြင်း၊ အန်ခြင်း၊ အစာစားချင်စိတ်မ ရှိဘဲ အားအင်ချည့်လာခြင်းတို့ ဖြစ်ပေါ်ကာ အသက်အဆုံးရှုံသည်အထိ ဖြစ်နိုင်ကြောင်း သိရသည်။

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသတွင် ငှက်ဖျားရောဂါအပြင် ရာသီတုပ်ကွေးရောဂါလည်း အဖြစ်များ နေပြီး ရာသီတုပ်ကွေးကာကွယ်ဆေးတစ်လုံး၏ စျေးနှုန်းသည် ကျပ်သုံးသောင်းနှင့် အထက်ရှိနေသဖြင့် ဝယ်ယူရန် ငွေကြေးမလုံလောက်ခြင်း၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းခက်ခဲခြင်းတို့ ကြုံတွေ့နေရ သည့် အပြင် စစ်ဘေးရှောင်ဦးရေမှာလည်း နေစဉ့်နှင့်အမျှ အဆက်မပြတ်တိုးပွားလာနေသဖြင့် အရေး ပေါ် ဆေးဝါး အပြင် စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

(တနင်္သာရီတိုင်းသတင်းဌာနသည် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မိတ်ဖက်သတင်းဌာနဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article