27 C
Yangon

လောင်းလုံးမြို့နယ်တွင် ဖမ်းဆီးမည့် သားကို ရှာမတွေ့၍ အဖေဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီး၊ ထားဝယ်ခရိုင်တွင် တစ်ရက်အတွင်း အရပ်သား ၃ ဦး ဖမ်းဆီးခံရ

Must read

လောင်းလုံးမြို့နယ်တွင် ဖမ်းဆီးမည့် သားကို ရှာမတွေ့၍ အဖေဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီး၊ ထားဝယ်ခရိုင်တွင် တစ်ရက်အတွင်း အရပ်သား ၃ ဦး ဖမ်းဆီးခံရ

ရန်ကုန်| ဇွန် ၂၀

တနင်္သာရီတိုင်း၊ လောင်းလုံးနှင့် ကံပေါက်ဒေသတို့တွင် ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့က တစ်ရက်တည်းအတွင်း အရပ်သား သုံးဦးကို စစ်ကောင်စီက အကြောင်းမဲ့ အကြမ်းဖက် ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများ က ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ဦးဆောင်သူ ကိုမင်းလွင်ဦး၏ ဖခင် အသက် ၆၅ နှစ်အရွယ်ရှိ ဦးအောင်ဖေ ကို လောင်းလုံးမြို့နယ် ပြင်းထိန်ကျေးရွာရှိ နေအိမ်တွင် ဇွန်လ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီ အချိန်တွင် စစ်ကောင်စီက ဝင်ရောက် ဖမ်းဆီးခဲ့သည်။

သပိတ်ကော်မတီ ဦးဆောင်သူ ကိုမင်းလွင်ဦးက “အခုချိန် အထိတော့ မိသားစုနဲ့ ဆက်သွယ် မရသေးပါဘူး။ ဒီမနက်က သွားတွေ့တာ တွေ့ခွင့် မပေးဘူး။ အဖေအတွက် အဝတ်နဲ့ စားစရာလေးတွေ ပေးခဲ့တယ် “ဟု ပြော သည်။

ကိုမင်းလွင်ဦး၏ ဖခင် ဦးအောင်ဖေ ကို ကားလေးစီးနှင့် အင်အား ၃၀ ခန့်ရှိသည့် စစ်ကောင်စီက ဝင်ရောက် ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန် ၎င်းကို မည်သည့်နေရာတွင် ဖမ်းဆီး‌ချုပ်နှောင်ထားသည် ဆိုသည်ကို မသိရသေးကြောင်း သားဖြစ်သူ ကိုမင်းလွင်ဦး မှ Western News ကို ပြောသည်။

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ဦးဆောင်သူ ကိုမင်းလွင်ဦး သည် စစ်ကောင်စီက အလိုရှိနေသူ တစ်ဦးဖြစ်ပြီး ၎င်းကို ဖမ်းဆီးပေးသူကို ငွေကြေး ဆုချမည် ဟု ၀ရမ်းထုတ်ပြန် ကြေညာထားသည်။ စစ်ကောင်စီက ကိုမင်းလွင်ဦး ကို လက်ရှိအချိန်အထိ ဖမ်းဆီးနိုင်ခြင်း မရှိ၍ ဖခင်ဖြစ်သူကို ဓားစာခံအဖြစ် ဖမ်းဆီးသွားကြောင်း ၎င်းက ဆိုသည်။

“အခုလို အပြစ်မရှိဘဲ ဘာမှမဆိုင်တဲ့ အဖေကိုဖမ်းတယ်။ အဖေက ကျန်းမာရေး သိပ်မကောင်းဘူး။ အလွန်ပဲ စိုးရိမ်တယ်။ စစ်ကောင်စီက သူရဲဘောကြောင်ပြီး ဖမ်းဆီးသွားတာဗျ” ဟု ကိုမင်းလွင်ဦးက ဆက်လက် ပြောသည်။

အလားတူ ဇွန်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင် ရေဖြူမြို့နယ် ကံပေါက်ဒေသ သီရိမင်္ဂလာရပ်ကွက်နေ ဇနီးမောင်နှံ နှစ်ဦးကိုလည်း ည ၁၁ နာရီခန့် အချိန်တွင် ကား သုံးစီးနှင့် နေအိမ်၌ စစ်ကောင်စီက ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများ က ပြောသည်။

ဖမ်းဆီးခံရသူ ဇနီးမောင်နှံ နှစ်ဦး သည် သီရိမင်္ဂလာရပ်ကွက်တွင် နေထိုင်သူ အသက် ၄၀ ကျော်ခန့် အရွယ်ရှိသူ ကိုအောင်ဇော်ဦးနှင့် မဥမ္မာအောင်တို့ ဖြစ်ကြောင်း ၎င်းတို့ကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း ဒေသခံများက ပြောသည်။

အမည်မဖော်လိုသည့် ကံပေါက်ဒေသခံ တစ်ဦးက “သူတို့ လင်မယား နှစ်ယောက်ကို စစ်တပ်က ဘာကြောင့် လာဖမ်းတယ် ဆိုတာ မသိရသေးဘူး။ လက်ရှိ အချိန် အထိတော့ ပြန်လွှတ် မလာသေးဘူး”ဟု ပြောသည်။

ကိုအောင်ဇော်ဦး သည် ကားမောင်းသည့် အလုပ်ကို လုပ်ကိုင်နေသူဖြစ်ပြီး ဇနီးဖြစ်သူ မဥမ္မာအောင်သည် ရင်ခွင်သစ် (ECCD) မူကြိုကျောင်း ဖွင့်ကာ ကလေးငယ်များကို ပညာ သင်ကြားပေးနေသူ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီက နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရမိခြင်း မရှိ၍ အပြစ်မရှိသည့် မိသားစုဝင်များကို ဖမ်းဆီး သတ်ဖြတ်မှုများရှိနေသောကြောင့် စိုးရိမ်နေသည်ဟု တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့ ပြောရေးဆိုခွင့် ရှိသူက Western News ကို ပြောသည်။

“စစ်ကောင်စီတပ်သားတွေဆီက လူဆန်တဲ့ လုပ်ရပ်တွေ ဘာမှ မျှော်လင့် နေလို့ မရတော့ပါဘူး။ ထင်ရာမြင်ရာ လုပ်ကြတော့မှာပါ။ သူတို့ဆီမှာ ဆင်ခြေတုံ တရားမရှိတော့တာ အခုမှ မဟုတ်ပါ။ အာဏာသိမ်း ကတည်းက ဆင်ခြေတုံ တရားမဲ့လို့ပဲ။ သူတို့ ပြောခဲ့တာ ရှိတယ်။ သူတို့မှာ ပြည်သူ မရှိဘူး။ ရန်သူပဲ ရှိတယ် ဆိုတဲ့ စကား သူတို့ လက်တွေ့ပြနေတာ ကြာပါပြီ။ တော်လှန်ရေးနဲ့ ဆက်နွယ်တဲ့ မိသားစုဝင်တွေ မပြောနဲ့ သူတို့ စိုးမိုးနယ်မြေထဲမှာ ဆိုရင် သာမန် အရပ်သားတွေတောင် မလုံခြုံတော့တာ ကြာပါပြီ။ အကောင်းဆုံးကတော့ သူတို့ကို အမြစ်ပြတ် မတွန်းလှန်နိုင်သေးချိန်မှာ သူတို့ စိုးမိုးနယ်မြေမှာနေသူတွေ အနေနဲ့ သူတို့နဲ့ ကင်းနိုင်သမျှကင်းအောင်နေပြီး၊ မတွေ့ ရအောင် ဝေးဝေး ရှောင်တာပါပဲ”ဟုပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက မြိတ်မြို့တွင် NLD လွှတ် တော် အမတ်တစ်ဦး၏အစ်ကို ဖြစ်သူကို စစ်ကောင်စီက စစ်ကြောရေးတွင် ဖမ်းဆီး သတ်ဖြတ်ခဲ့သည်။

ပုံစာ- ကိုမင်းလွင်ဦး၏ ဖခင် ဦးအောင်ဖေနှင့် ကိုအောင်ဇော်ဦး နှင့် ဇနီးဖြစ်သူ မဥမ္မာအောင်

(Western News သည် ရန်ကုန်​ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article