ကလေးမြို့၊ အရှေ့စံသာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၅ နှစ်အရွယ် ကလေးငယ် ဦးခေါင်းပွင့်ထွက် သေဆုံးပြီး မိသားစုဝင် အားလုံး ထိခိုက် ဒဏ်ရာရ
ရန်ကုန်၊ ဇွန် ၂၂
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အရှေ့စံသာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် ၅ နှစ်အရွယ် ကလေးငယ် ဦးခေါင်းပွင့်ထွက် သေဆုံးပြီး မိသားစုဝင် အားလုံး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၂၁ ရက်နေ့ ည ၉ နာရီ ၃၂ မိနစ်ခန့်တွင် ကလေးမြို့အတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ကလေးမြို့ တောင်ပိုင်းရှိ အရှေ့စံသာကျေးရွာကို ပစ်ခတ်ခဲ့ပြီး အသက် ၅ နှစ် အရွယ် ကလေးငယ် ဦးခေါင်းပွင့်ထွက် သေဆုံးကာ ကျန်မိသားစုဝင်အားလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်နက်ကြီးထိမှန်မှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ် သေဆုံးခဲ့ပြီး မိခင် ဖြစ်သူ အသက် ၄၀ မှာ ခြေတစ်ဖက် ဖြတ်တောက်ခဲ့ရကြောင်း၊ သေဆုံးသူ၏ အစ်ကို ဖြစ်သူ အသက် ၇ နှစ်အရွယ် ကလေးမှာလည်း ဦးခေါင်း ဒဏ်ရာပြင်းထန်ပြီး အသက် ၁၂ နှစ်အရွယ် အစ်မ ဖြစ်သူမှာလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့ကြောင်း သိရှိရသည်။
“မရှိဘူးဗျ တိုက်ပွဲက ညက ၃ လုံးပစ်တာ ပထမ ၁ လုံးက ရွာထဲကျတာ ကျန် ၂ လုံးက ဘယ်မှာကျလဲမသိရသေးဘူး။ သေဆုံး ၅ နှစ် ၊ အမေ ၄၀ နှစ်၊ အစ်မ ၁၂ နှစ်နဲ့ အစ်ကို ၇ နှစ်ပါ ထိခိုက်ဒဏ်ရာ ပြင်းထန်တယ်”ဟု ဒေသပြည်သူတစ်ဦးမှ ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက် စစ်တပ်၏ အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည့် ပြည်သူများလည်း ရှိနေပြီး သာစည်၊ ချင်းဆိုင် ၊ဇင်းကလင်း စသည့် ရွာများမှ ပြည်သူအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။