ထီးလင်းတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
ရန်ကုန်၊ ဇွန် ၂၂
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ သရခါကျေးရွာ အရှေ့တောင်ဘက် ဂျီချောင်းအနီး၌ အကြမ်းဖက်စစ် တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း YRA – ထီးလင်းထံမှ သခင်ဇော်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇွန်လ ၂၁ ရက် နံနက် ၈ နာရီခွဲခန့်က ထီးလင်းမြို့၊ ရွှေထီးခန်းမမှ အင်အား ၁၀၀ ကျော်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဂန့်ဂေါခရိုင်တပ်ရင်း ၁၅/၁၆/၁၇ YRA-ထီးလင်း တပ်ဖွဲ့မှ အသင့်ပြင်ထားသော မိုင်းများဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ ၃ ကြိမ်ဆက်တိုက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးကာ ၁၀ ဦးကျော်ဒဏ်ရာရရှိ ပြီး ထီးလင်းမြို့မှ ဖောကား တစ်စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။
“ကျနော်တို့က တိုက်မိုင်းသဘောမျိုးထောင်လိုက်တယ်၊ နောက်ပြီးတော့ သူတို့ရဲ့ အားနည်းချက်ကို အခွင့်ကောင်း ယူလိုက်တာပေါ့၊ သူတို့က မိုင်းတွေ့ရင်ရှင်းမယ်၊ ဖျက်ဆီးမယ် ဒါတွေလုပ်တာကိုး၊ ဒါကြောင့်သူတို့ မိုင်းရှင်းလို့ရှိရင်ပေါက်ကွဲအောင်ဆိုပြီး နောက်တစ်ဆင့်ပြန်လု်ပထားတာပါဗျ၊ မိုင်းကွဲ သွားတယ်၊ မိုင်းကွဲပြီးတဲ့အချိန်မှာ ကျန်တဲ့ နောက်ကအဖွဲ့တွေက အကုန်လုံး ဘေးတွေကို ဝပ်ပြီးနေရာ ယူတဲ့အခါမှာ ဘေးမှာ လုပ်ထားတဲ့ တိုက်မိုင်းတွေကို ထပ်တိုးတာဗျ၊ တပြိုင်နည်းတည်း ၃ နေရာလုံး ပေါက်ကွဲသွားတာဗျ၊” ဟု YRA – ထီးလင်းထံမှ သခင်ဇော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မိုင်းကွဲပြီးနောက် သေဆုံးသွားသော အကြမ်းဖက်စစ်သားများနှင့် ဒဏ်ရာရရှိသူများကို ထီးလင်းမြို့နှင့် ၂ မိုင်ခန့် ကွာဝေးသည့် သရခါကျေးရွာအထိသယ်ဆောင်ကာ သရခါကျေးရွာသို့ ထီးလင်းမြို့ပေါ်မှ ဖော ကား တစ်စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ယင်းအကြမ်းဖက်စစ်ကြောင်းမှာ ရွှေအောင်သာ ကျေးရွာရှိ တပ်စခန်းဘက်သို့ ဆက်လက်ထွက်သွားပြီး လက်ရှိတွင် ရွှေအောင်သာကျေးရွာနှင့် ၆ မိုင်ခန့် ရှိသည့်နေရာတွင် ရောက်ရှိ နေကြောင်း သိရသည်။